Unicode
*****
နံရံအပြည့် စာအုပ်စင်ကြီးရှေ့မှာ ခေါင်းလေးမော့ကာလျှောက်ရင်း မှိုင်း စိတ်တွေလွင့်ပျံနေသည်။
ယခင် မှိုင်းဘက်က သဘောထားကို ကိုကိုကြီးတိမ်မင်းမရိပ်မိအောင်ထိန်းချုပ်ရတဲ့အချိန်တွေတုန်းက သေမလောက်ပင်ပန်းခဲ့ပေမယ့်လည်း ခုချိန်မှာတော့ မှိုင်းရဲ့ စိတ်ကိုလက်ခံပြီး ပြန်လည်တုံ့ပြန်ပေးခဲ့သည့် ကိုကိုကြီးကြောင့် ပျော်ရွှင်ရသည်။
လက်ရှိ အခြေအနေကို မှိုင်း ကျေနပ်ပါသည်။
ဒါပေမယ့် လူ့စိတ်ဆိုတာကလည်း ခက်သားလား။
နည်းနည်းလေးရလျှင် များများလိုချင်သည်။တဖြည်းဖြည်းရနေတဲ့အရာတွေကို လောဘတက်လာရင်း တစ်ချိန် ဆုံးရှူံးရမှာကြောက်လာတတ်တာ လူ့သဘာဝပဲမဟုတ်လား။
အင်း...မှိုင်းလည်း လူပီသလာပြီ ထင်ပါရဲ့။
ဒီလိုအခြေအနေတွေကို ဆုံးရှူံးလက်လွတ်ရမှာ မှိုင်းစိုးရိမ်မိသည်။ဒီအခြေအနေအတိုင်းရှေ့ဆက်သွားရင်း အန်တီတို့ သိသွားခဲ့သည်ရှိသော်....။
ဒီအနေအထားအတိုင်းဘယ်လောက်ကြာကြာ မှိုင်းတို့ဆက်နေခွင့်ရမလဲ။
ခေါင်းကိုနှစ်ချက်လောက်ခါယမ်းပြီး အတွေးတချိူ့ကိုနှင်ထုတ်မိသည်။လဲပြီးသားအိပ်ရာခင်းကို လုံးထွေးပြီးလျှော်ခြင်းထဲသို့ထည့်သည်။အဲကွန်းရီမုကိုယူပြီးအအေးဓာတ်ကိုထိန်းညှိလိုက်သည်။
လောလောလတ်လတ်ညနေကမှခြံထဲက မှိုင်းခူးပြီးထိုးပေးထားဖြစ်တဲ့ကံ့ကော်ပန်းလေးတွေက ကိုကိုကြီးရဲ့ စာကြည့်စားပွဲပေါ်ကပန်းအိုးလေးထဲမှာဝေဆာလတ်ဆတ်သင်းပျံ့စွာပင်။
ခုလို ကိုကိုကြီးမရှိတဲ့အချိန် အခန်းထဲဝင်ထွက်ခွင့်ကို မှိုင်း ရခဲ့တာ ကြာပြီ။စစချင်းတုန်းကတစ်အိမ်လုံးသန့်ရှင်းရေးကကြီးစိန်ရဲ့တာဝန်သာ။စာမေးပွဲပြီးနောက်ပိုင်း ကိုကိုကြီးရဲ့အခန်းတွင်းသန့်ရှင်းရေးကို ကြီးစိန်လက်ထဲမှ မှိုင်းလက်လွှဲတာဝန်ယူမိသည်။
ဒီအခန်းထဲမှာ အရာရာဟာ မှိုင်းလက် မှိုင်းခြေ ဖြစ်ရ၏။
"လိုအပ်တဲ့ အက်ဆေးနဲ့ဖတ်ချင်တဲ့စာတွေအတွက် ကိုကိုကြီးအခန်းထဲကစာအုပ်စင်မှာ မှိုင်းကလေး လိုတဲ့စာအုပ်ကို အချိန်မရွေးဝင်ရှာယူလို့ရတယ်၊ဒါပေမယ့် သပ်သပ်ရပ်ရပ်ပြန်စီထားခဲ့ရမယ်နော်၊စာအုပ်တွေမွှေပြီးရှုပ်ပွကျန်နေခဲ့တာမျိူးတော့ ကိုကိုကြီး မကြိုက်ဘူး " တစ်ခွန်းနဲ့ ကိုကိုကြီးစာအုပ်စင်ကို မှိုင်း ကြိုက်သလို ဝင်ရောက်မွှေနှောက်ခွင့်ရလေသည်။

YOU ARE READING
တိမ်ယံငွေခြည် မှိုင်းပြာရီ
RomanceZawgyi/Unicode ဘဝမှာ နေလာရင်း မုန်းမိတဲ့သူကိုရော ချစ်သွားနိုင်လား (တိမ်မင်း) လူတယောက် ကိုသာ မျှော်ငေးနေခြင်းကို ရှင်သန်မှုအဖြစ် မှတ်ယူနိုင်ခဲ့ဘူးသလား မှိုင်းသိတဲ့ အချစ်က အဲဒါပဲ အချစ်က မျှော်လင့်ခြင်းနဲ့ အလားသဏ္ဍာန်တူတယ် (မှိုင်းပြာမှုန်ဝေ) ****** ဘဝမ...