Unicode
*****
"ခါးပတ်ပတ်ထား"
"ဟုတ်"
ကားစက်နိုးနေရင်းမှာပဲ တိမ်မင်းက စိတ်လှုပ်ရှားတက်ကြွနေပုံရသောကောင်လေးဘက်ကိုလှည့်ကြည့်ပြီးတစ်ခွန်းသာပြော၏။
မိုးပြာရောင်ပေါ်ကွမ်းရိုးစင်းခပ်ရေးရေးလေးတွေပါသောရှပ်လက်တိုကို ပုဆိုးနက်မှောင်မှောင်နှင့်တွဲဖက်ကာသပ်သပ်ရပ်ရပ်ဝတ်ထားသည်။
နားရွက်အပေါ်နားထိခပ်တိုတိုညှပ်ထားသောဆံပင်က ရေစက်တချို့ ခိုသီးနေလေ၏။တန်ဖိုးကြီးရေမွှေးနံ့တွေမဟုတ်ပေမယ့်ရေချိုးပြီးစကောင်လေးဆီကဆပ်ပြာနံ့ကကားထဲမှာနှစ်သက်ဖွယ်ရာခပ်ရှရှပျံ့လွင့်နေသည်။
"ဒါနဲ့...."
"ဟုတ်"
"အတန်းထဲမှာ ဘယ်လိုလဲ၊စာရောတော်တော်လိုက်နိုင်ပြီလား "
"ဟုတ်..ဟုတ်ကဲ့၊ဒီတစ်ပါတ်မှာ မှိုင်းရေးတဲ့ အက်ဆေးက မဆိုးဘူး၊တော်တော်တိုးတက်လာတယ်လို့တီချယ်ကပြောတယ် ကိုကိုကြီး "
"အင်း...စာလိုက်နိုင်လာတယ်ဆိုပြီး၊ပေါ့လျော့လို့ အပေါင်းအသင်းတွေနဲ့ တဝုန်းဝုန်း လုပ်မနေနဲ့နော်၊ဒါ ကိုကိုကြီးက မှိုင်းကလေးကို ချုပ်ချယ်တာမဟုတ်ဘူး၊ဒီအသက်အရွယ်မှာအပေါင်းအသင်းကောင်းလို့တိုးတက်သွားသူတွေရှိသလို အပေါင်းအသင်းဖျက်လို့ပျက်တတ်ကြတာတွေလည်းအများကြီးပဲ...ဒါကို ကိုယ်ကသဘောပေါက်ထားရမယ်...နားလည်သလား "
"ဟုတ်...မှိုင်း နားလည်ပါတယ်ခင်ဗျ "
ဖျက်ပြီးပြန်ပြင်လိုက်သလားထင်ရတဲ့ အရုပ်လို စိတ်လိုလက်ရ ချိုသာနာပျော်ဆုံးမတဲ့ အခိုက် မှိုင်းက ကားမောင်းနေတဲ့ တိမ်မင်းဖက်ကို ခပ်ရီရီလေးငဲ့ကြည့်ရင်း ဝမ်းသာအားရဖြေလေသည်။ကားကိုဂရုစိုက်မောင်းနေတဲ့ကိုကိုကြီးက မှိုင်းအဖြေကို သဘောကျဟန်ဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်၏။
ကားစတီရင်ယာတိုင်ကိုကိုင်ထားတဲ့ကိုကိုကြီးရဲ့ လက်ချောင်းသွယ်သွယ်တွေ၊ညီညာတိကျစွာညှပ်ထားတဲ့ထိပ်ဖျားဝိုင်းဝိုင်းပန်းရောင်ပြေးတဲ့လက်သည်းခွံတွေ၊လက်မောင်းတစ်ဝက်ထိခေါက်တင်ထားတဲ့အကျီအောက်မှ လက်ဖျံတွေက သွေးကြောစိမ်းမြမြလေးတွေကိုငေးကြည့်ရင်း ဒါဟာ မှိုင်း အိပ်မက်မက်နေတာမဟုတ်ဘူးရယ်လို့ တိတ်တိတ်လေးတွေးမိသည်။

YOU ARE READING
တိမ်ယံငွေခြည် မှိုင်းပြာရီ
RomanceZawgyi/Unicode ဘဝမှာ နေလာရင်း မုန်းမိတဲ့သူကိုရော ချစ်သွားနိုင်လား (တိမ်မင်း) လူတယောက် ကိုသာ မျှော်ငေးနေခြင်းကို ရှင်သန်မှုအဖြစ် မှတ်ယူနိုင်ခဲ့ဘူးသလား မှိုင်းသိတဲ့ အချစ်က အဲဒါပဲ အချစ်က မျှော်လင့်ခြင်းနဲ့ အလားသဏ္ဍာန်တူတယ် (မှိုင်းပြာမှုန်ဝေ) ****** ဘဝမ...