Chapter(43)

8.4K 1.6K 56
                                    

Unicode

*****

ညက တိတ်ဆိတ်နေသည်။

စားပွဲပေါ်က စာကြည့်မီးလုံးငယ်လေးမှအလင်းရောင်က အခန်းတွင်း လင်းဖြာကာကျနေ၏။

မအိပ်ချင်သေးပေမယ့်လည်း အာရုံစူးစိုက်မှုကြောင့်အနည်းငယ်ကျိန်းစပ်စပ်ဖြစ်နေသော မျက်လုံးကို လက်ဖြင့်အသာတို့ပွတ်ရင်း မှိုင်းသက်ပြင်းရှည်ရှည်ကိုချမိသည်။

နေ့လည်ကအတွေးက စာကြည့်ချိန်ထိကပ်ပါလာသောအခါမှိုင်းအသိအာရုံက စာထဲမှာ မရှိနိုင်ပေ။ချစ်ကိုကိုထွေးရဲ့ မဲ့တဲ့တဲ့ မျက်နှာကို အတွေးထဲလှမ်းမြင်မိသည်။အမေ့ကိုသွားပြောမည်တဲ့လေ။ချစ်ကိုကိုထွေးပြောမည့်စကားကိုယုံတာမယုံတာအပထားအမေများ သိသွားခဲ့ရင် မှိုင်းကို ဘယ်လိုများမေးလာလိမ့်မလဲ။အကယ်၍ မေးလာခဲ့လျှင်ရော...။

မှိုင်းက အမေ့မေးခွန်းကို ဟင့်အင်း ဆိုပြီး လိမ်ရမှာတဲ့လား။လိမ်တယ်ဆိုတာ အမေ မကြိုက်ဆုံးအလုပ်လေ။ မှိုင်း လုပ်ရတော့မတဲ့လား။ဒါမှမဟုတ် မှိုင်း ခံစားရသလို အမှန်အတိုင်း ဖြေလိုက်လျှင်ရော အမေက မှိုင်းရဲ့ ဖြစ်တည်မှုကို ကျေကျေနပ်နပ်ကြီး လက်ခံနိုင်မလား။မည်သည့်အရာကိုမျှ မှိုင်း သေချာမသိပါ။

သေချာတာတစ်ခုကတော့ မှိုင်းရဲ့ ဒီအခြေအနေကိုအမေဝမ်းသာနိုင်မှာမဟုတ်တာဘဲ။ပြီးတော့ မှိုင်းရဲ့ ဘဝရှေ့ရေးအတွက် ကိုကိုကြီးတို့အိမ်မှာ တည်ရှိနေမှုအပေါ် အမေဘယ်လောက်ထိ တွေးပူမှာပါလိမ့်။

ပြီးတော့ နောက်တစ်ခုက ကိုကိုကြီး။မျက်ခုံးအစုံကိုတွန့်ချိုးထားသောရုပ်သွင်ကို မျက်လုံးထဲမြင်ယောင်လာတော့ ခေါင်းကိုအသာခါယမ်းမိသည်။အနှေးနဲ့အမြန် မှိုင်းအကြောင်းတွေ သိသွားတဲ့အခါ ဘယ်လိုများဆုံးဖြတ်မှာပါလိမ့်။

ဟင်း..!

မှိုင်း ရင်မောစွာခေါင်းကို ထပ်ကာ ခါယမ်းမိသည်။

"အခြောက်လေး အဲ..မဟုတ်ဘူး သူခိုးလေး"
ချစ်ကိုကိုထွေးရဲ့ အသံက မျက်စိစုံမှိတ် နားကိုပိတ်ထားပေမယ့် အသိအာရုံမှာ စွဲကာနေ၏။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now