Chapter(45)

9K 1.5K 114
                                    

_______

Unicode

****

"ညဘက်တွေ အိပ်မပျော်တာ ကြာပြီလား အန်တီ သွေးအားလည်း နည်းနေတယ် "

ဒေါက်တာကေ က ဒေါ်ခင်မင်းသွယ် ရဲ့မျက်ခမ်းတွေကို အနည်းငယ်ဖြဲကြည့်ရင်းမေးသည်။ဒေါ်စိန်ပွင့်က မလှုပ်တလှုပ် ညီမ​ဖြစ်သူကို စိတ်ပူပန်စွာကြည့်ရင်း အားမလိုအားမရ ဝင်ပြောမိသည်။

"ဒေါက်တာရေ ညဖက်တွေဆို အိပ်မရဘူး ပြောပြောနေတာတော့ကြာပြီ ၊ရင်တွေတုန်ပြီး မူးနေတာလည်း ခဏ ခဏပဲ၊တစ်ခုခုဆို ကိုယ့်ကိုယ်ကိုယ်ထက် သားတော်မောင်စိတ်ပူပန်မှာ စိုးရတာကိုကသူ့ခမျာ ဒုက္ခတစ်ခု၊တိမ့်ကို မပြောပါနဲ့...မပြောပါနဲ့ ဆိုပြီး "

"မမပွင့်ကလည်း တိမ်က စိတ်ရှုပ်မခံနိုင်တဲ့သူလေ၊သူ့အလုပ်နဲ့သူလည်းအားမှမအားတာကို "

ဒေါ်ခင်မင်းသွယ်က ညည်းညူသလိုလေးပြောပေမယ့်လည်း သားဖြစ်သူတိမ်မင်းကိုချစ်စနိုးရှိလှသည်မှာ မျက်ဝန်းထဲကအရိပ်တွေမှာသိသာစွာပင်တွေ့မြင်နိုင်လေသည်။

ဒေါက်တာကေ က စိတ်အလိုမကျစွာဝင်ပြောသည့်ဒေါ်စိန်ပွင့်အမူအယာကို သဘောကျစွာပြုံးရင်း စမ်းသပ်ဆွေးနွေးမှုကို ရပ်နားလိုက်ပြီး စာရွက်မှာဆေးညွှန်းကို ငုံ့ကာ ရေးခြစ်ပေးသည်။

"ခုလောလောဆယ်တော့ သောက်ရမယ့်ဆေးညွှန်းဆက်ပေးလိုက်မယ် အန်တီ၊ဒါပေမယ့် အမြဲတမ်း ဆေးအကူအညီပဲယူနေလို့ မဖြစ်ဘူးနော်၊အန်တီ့မှာဘာတွေများ စိုးရိမ်သောကရောက်စရာရှိလို့လဲ။တိမ်မင်းဆိုတာလည်း ဒီလောက်လိမ္မာတာပဲကို၊အရမ်းကြီးမတွေးမများ နဲ့လေ၊ဒီထက်ဆိုးလာရင် ကေ့ အသိဆရာကြီးဆီကိုပဲ လွှဲပြီး Counselling ယူတာမျိုးဖြစ်ဖြစ်လုပ်ရလိမ့်မယ်အန်တီရဲ့ "

ဒေါ်ခင်မင်းသွယ် က ကုတင်ပေါ်ကနေ အသာထထိုင်ရင်း အားယူပြုံးသည်။ဒေါ်စိန်ပွင့်က ညီမလုပ်သူနားအသာတိုးကပ်ပြီး လက်မောင်းလေးကိုဆွဲယူဆုပ်ကိုင်ကာ

"ကြားလား ခင်မင်း၊မမကြီး စိတ်ပူရအောင် မလုပ်ပါနဲ့ကွယ် "

"မမပွင့်ရယ် ခင်မင်း ဘာမှမဖြစ်ပါဘူး "

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now