Chapter(49)

9.9K 1.7K 289
                                    

Unicode

******

မျက်စိအောက်ကနေ တဖြည်းဖြည်းဝေးသွားတဲ့ကားနောက်ပိုင်းကို ငေးကြည့်ရင်းသက်ပြင်းတချိူ့ ကို ရှိူက်မိသည်။နုနယ်လှပသည့်ထိုအမျိုးသမီးရဲ့ မျက်နှာက စိုးရိမ်စိတ်တချိူ့နဲ့ သိသိသာသာပျက်ယွင်းနေတာ စကားပြောနေတဲ့တချိန်လုံးသတိထားမိခဲ့သည်။

"ဘယ်အချိန်ပြောပြဖို့ စိတ်ကူးထားပါလဲ "လို့မေးမိတော့သူပြန်ဖြေသွားတာက "သိပ်မကြာခင်"တဲ့လေ။

အဲဒီအချိန်ကအရမ်းနောက်မကျစေဖို့ပဲ ဆုတောင်းမိသည်။

ဒီကလေးရဲ့ဘဝအစကမလှပေမယ့်ရှင်သန်ကြီးပြင်းရတဲ့နောက်ပိုင်းကာလတွေမှာဝမ်းနည်းနာကျင်မှုရမှုတွေ၊သိမ်ငယ်ရမှုတွေကနေ ကင်းလွတ်စေချင်တာတော့ အမေတစ်ယောက်ဖြစ်ခဲ့တဲ့သူ့ရဲ့ တိတ်တဆိတ်တောင်းမိတဲ့ဆုသာပင်။

လေပူဝေ့လိုက်လို့ တလိပ်လိပ်တက်လာတဲ့ ဖုန်တွေကြား စိတ်တွေက အဝေးဆီသို့ တရိပ်ရိပ်ပြေးလေ၏။

--------

လွန်ခဲ့သည့် ဆယ့်ခြောက်နှစ်။

"အကြင်ရေ...ဒီမှာထွက်ကြည့်စမ်းပါကွ"

ကိုဘကောင်းရဲ့ အော်ခေါ်သံကအပြင်ဖက်ကထွက်ပေါ်လာခဲ့သည်။လင်ယောကျ်ားရဲ့ အသံကို ကြားရခိုက် မကြင်သိန်းတစ်ယောက် ခေါက်လက်စအဝတ်တချိူ့ကို ပစ်ချထားပြီး အခန်းထဲက ခပ်သွက်သွက်လေးထွက်လာသည်။

ဟော်တော်...!

ကိုဘကောင်းရဲ့ လက်ထဲက လှုပ်တုပ်တုပ်အရာဝတ္ထုလေးကို မြင်ရခိုက် အံ့​သြမှုဖြင့်အာမေဋိတ်ပြုမိသည်။

"လာကြည့်စမ်းပါ အကြင်ရ.... "

အသားအရည်ကနီတာရဲလေးကိုမှ မျက်ခုံးစပ်က မှဲ့နက်ရေးရေးလေးပါတဲ့ကလေးငယ်ရဲ့ မျက်ဝန်းတွေကသိနေသလိုကြည်လဲ့နေကာ ဟိုဒီစူးစမ်းကြည့်နေတာကပဲ အူယားစရာလေး ဖြစ်နေသည်။

"ဟယ် ချစ်စရာလေး ပါလား ၊ဘယ်သူ့ကလေးလဲ..အစ်ကို၊ရက်သားသာသာပဲ ရှိဦးမယ်၊ဘယ်ကခေါ်ပွေ့လာတာလဲ "

ကလေးငယ်ရဲ့ လက်ဖဝါးနုနုလေးတွေကို လက်ညိုးလေးဖြင့်တို့ထိပွတ်သပ်မိတော့ မယုံကြည်နိုင်စရာ မွေးကင်းစကလေးငယ်လေးက သူ့လက်ကိုရုတ်တရက်ဆုပ်ကိုင်လာတာမို့ မကြင်သိန်းတစ်ယောက်သဘောကျနှစ်ခြိုက်စွာ တခစ်ခစ်ရယ်ရင်း မေးလိုက်မိသည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now