ရေချိုးခန်းထဲကထွက်လာပြီးလျင် ကိုယ်ပေါ်တင်ကျန်နေသည့် ရေစက်တွေကိုတမင်တကာပဲမသုတ်ပဲထားကာ တီရှပ်အဖြူ တစ်ထည်ကိုသာကောက်ဆွဲလျက် ခေါင်ဘုန်းအောက်ထပ်ကိုဆင်းလာခဲ့သည် ။ ထမင်းစားခန်းထဲမှာက မေမေနှင့်ကြီးကြီးမစိန်တို့နှစ်ယောက် ။
ဒေါ်ခေါင်ဘုန်းသွယ်ကို ခေါင်ဘုန်းတို့က မီးဖိုချောင်မဝင်ခိုင်းပါ ။ လူကဝဝဖိုင့်ဖိုင့်မှာ သွေးတိုးကော ဆီးချိုပါရောလျက် နည်းနည်းလှုပ်တာနဲ့များများပင်ပန်းနေတတ်သော မေမေ့ကို တစ်အိမ်လုံးနှင့် မီးဖိုချောင်တာဝန်တွေအကုန် ကြီးကြီးစိန်ဆီကိုလက်လွှဲခိုင်းထားတာကြာနေပြီ ။ ကြီးကြီးစိန်ဆိုသည်ကလည်း ခေါင်ဘုန်းမမွေးခင်ကတည်းက မေမေ့အနားမှာရောက်နေခဲ့ပြီး ခုထိတိုင်အိမ်မှာပဲမြဲနေကာ အိမ်အကူဘာညာဆိုတာမျိုးထက် မေမေနှင့်ညီအစ်မလို ခေါင်ဘုန်းတို့အတွက်ကြီးတော်ရင်းလိုဖြစ်နေသူပါပေ ။ အိမ်ထောင်ရက်သားလဲမပြု တစ်ကိုယ်ရေတကာယသမားအဖြစ် ခေါင်ဘုန်းတို့ကိုသာ ဝမ်းမနာသားသမီးလုပ်ကာနေနေရသည်ကိုအသားကျနေသူ ။ အိမ်ထောင်မှုအထိန်းအသိမ်းသာမက ငွေရေးကြေးရေးကိစ္စအထိ ဘယ်နေရာမဆိုမျက်နှာလွှဲနိုင်အားကိုးနိုင်သည်အထိ ယုံကြည်စိတ်ချရသူ ။
အခုလည်း မေမေကချက်ပြုတ်နေသည့်အနားရောက်နေသည်မှာ စိတ်မချလို့ရယ်မဟုတ် ။ တစ်နေ့လုံးမနက်ပိုင်းဈေးသွားပြီးသည်နဲ့ လုပ်စရာရယ်မယ်မယ်ရရမရှိတော့ပဲ ပျင်းရိနေရတတ်သဖြင့် မီးဖိုထဲလည်းပါ ခြံထဲကပန်းပင်တွေကိစ္စလည်းပါ ဘာမှပေးမလုပ်ရင်တောင် စကားနှင့်တော့ ဝင်စီမံရမှကျေနပ်တတ်ပါသည် ။
မြတ်ခေါင်ဘုန်းအထက်မှာ နှစ်နှစ်ကြီးသောသမီးတစ်ယောက်ရှိသေးပါသည် ။ သို့သော် လက်ကတုံးတောင်ဝှေးရယ်လို့မွေးထားသည့် တစ်ဦးတည်းသောသမီးကလည်း စင်ကာပူမှာ ကျောင်းသွားတတ်ရင်း ဟိုမှာနေသည့် လူနှင့်ပဲအိမ်ထောင်ကျရုံမက အလုပ်ကပါ ဟိုမှာအတည်တကျဖြစ်သွားလေတော့ ဒီကိုပြန်လာဖို့ဆိုတာက နှစ်နှစ်တစ်ခါပင်အနိုင်နိုင် ။ ယောကျ်ားဘက်ကအမျိုးတွေကလည်း စင်ကာပူမှာသာအခြေကျနေကြတော့ပိုဆိုးသည် ။