'' သွားပြီ . . ညီမင်း . . ''
'' တာ့တာ . . ''
ဖယ်ရီကားပေါ်မှာလက်တပြပြပါသွားသည့် ဇေယျာနဲ့ပန်းနုဆီကနှုတ်ဆက်သံတွေတစာစာညံသည် ။ ခဏရပ်ကြည့်နေပြီးမှ ညီမင်းကလမ်းထဲလှည့်ဝင်လာခဲ့ပါသည် ။ ဖယ်ရီဆိုပေမယ့် ကားကအိမ်ရှေ့ရောက်သည်အထိမဝင်ပေးပါ လမ်းထိပ်ကိုထွက်စီးရသည် ။ အပြန်လဲလမ်းထိပ်မှာပဲချ လမ်းလျောက်ဝင် ။
ညီမင်းညို ပထမဦးစားပေးအနေနှင့် နည်းပညာတက္ကသိုလ်ကိုသာရွေးဖြစ်ခဲ့ပါသည်။ အမှတ်မှီပုံရပါ၏ ။ ဝင်ခွင့်ပြန်ကျလာသည် ။ ရေစက်မကုန်ခမ်းစွာ ပန်းနုရောင်နဲ့ဇေယျာကပါ နည်းပညာတက္ကသိုလ်ပဲကျသည် ။ မေဂျာတော့မတူ ။ ဒါပေမယ့် တတွဲတွဲကတော့ခုထိမလျော့ပါ ။
ကျောင်းတွေအကုန်လုံးနီးပါးမြို့ပြင်ဘက် မြို့စွန်နီးနီးတွေကိုရွှေ့ကြတော့ နဂိုက သုံးမိုင်လောက်သာဝေးသော နေရာကနေ ဆယ့်ငါးမိုင်လောက်ဝေးသောမြို့သစ်ဘက်ကိုနည်းပညာတက္ကသိုလ်ကရောက်သွားသည် ။
ကျောင်းသွားကျောင်းပြန်အတွက်အချိန်တော်တော်ပေးရသည်မို့ တော်တော်များများကအဆောင်သွားနေကြပေမယ့် ညီမင်းညိုကတော့ ကိုကို ဗီတိုအာဏာသုံးကာ ပယ်ချလိုက်သဖြင့် အဆောင်သွားနေခွင့်မရပါ ။ အိမ်ကပဲတက်ရပါ၏ ။ဖယ်ရီကားခေါ်ပေးသည် ။မနက်လာကြိုသည် ညနေပြန်ပို့သည် ။ မြို့ပတ်လိုင်းကားတွေဆီသွားစီးရသည့် အလုပ်မပိုတော့သော်လည်း မေဂျာမတူ နှစ်မတူကျောင်းသားတွေစုထားသည့် ဖယ်ရီမို့ တစ်တန်းကမဆင်းပဲ ဖယ်ရီပေါ်ပါသည့်ကျောင်းသားတစ်ယောက်ယောက်ကျန်နေလျင် ဘယ်သူမှမပြန်ရတော့ပဲ တငုတ်တုတ်တုတ်စောင့်နေရသော ဒုက္ခတော့ရှိသည် ။
ဆံပင်ညိုညိုတွေထဲကို လက်ထိုးကြည့်မိသည် ။ ဆောင်းအဝင်မို့နွေလောက်တော့မဟုတ်ပေမယ့် ဖုန်ထတာကတော့ထတာပင် ။ ကားလမ်းတစ်လျောက်လုံးလေယူရာယိမ်းလာသည့် ဆံပင်က ဖုန်နှင့်လုံးကာစေးကပ်ကပ်ဖြစ်နေ၏ ။
လေးနာရီအထိကကျောင်းချိန် ။ လူစောင့်တာနဲ့ကားစီးတာနဲ့အိမ်ပြန်ရောက်ချိန်ကငါးနာရီခွဲလုပြီ ။ ဆောင်းဦးမို့အမှောင်ကလည်းအဝင်စောပါ၏ ။ အပြင်မှာမှောင်စပျိုးနေပြီ။သို့ပေမယ့်ညီမင်းညိုက ရေချိုးရင်းခေါင်းပါလျော်ဖို့စဉ်းစားလိုက်မိသည် ။ ဖုန်ကပ်လွန်းသဖြင့် ညနေပြန်လာရင်နေ့တိုင်းလိုလိုကိုခေါင်းလျော်ဖြစ်နေသည် ။ မဟုတ်ရင်ညအိပ်ရတာစိတ်ကိုမသတီပါ ။