'' . . . . . . ''
အိပ်ပျော်လုဆဲဆဲမှ သူတုန်ကနဲပင်ဖြစ်သွားရသည် ။ အသံမြည်လာသည့်ဖုန်းကိုလိုက်ရှာတော့ အိပ်ယာဘေးစာကြည့်စားပွဲပေါ်က ။
'' ဟင် . . ''
အိပ်ယာကမထပဲလက်ဆန့်ကာလှမ်းယူလိုက်သည့် ဖုန်းမျက်နှာပြင်တွင် ပေါ်နေသည့်အမည်နာမက ညီမင်းညိုကိုအံ့အားသင့်တကြီးဖြစ်စေပါ၏ ။
'' ဟယ်လို . . ''
'' ညီ . . ''
ဟုတ်ပါ့မလား ဇဝေဇဝါစိတ်က ဖုန်းဖွင့်ထူးလိုက်သည်နှင့်ကြားရသောအသံကြောင့်စိတ်ဒုံးဒုံးကျသွားရသည် ။
'' ကိုကို? . .ဟား ဟား . .ဘာဖြစ်တာလဲ . . အိမ်ထဲမှာဖုန်းတွေခေါ်လို့ . . ''
'' ညီ . . . ငါ့ကို. . တံခါးလာဖွင့်ပေးဦး . .''
ရယ်ချင်နေသည့်စိတ်ကလေးတောင်ဘယ်ဆီလွင့်ရသည်မသိ ။ ညီအပျင်းဆွဲကာ အိပ်ယာထဲလှိမ့်နေရာက ဖျတ်ကနဲထထိုင်မိရသည် ။
'' ကိုကို . . ကိုကို . . ဘာဖြစ်လာလို့လဲ . . ကိုကိုအိမ်မှာရှိနေတာမဟုတ်ဘူးလား . . ''
'' ဘာမှမဖြစ်ဘူးညီ . . ဘာမှမဖြစ်ဘူး . . တံခါးပဲလာဖွင့်ပေး မေမေတို့နိုးမှာစိုးလို့ ဖြည်းဖြည်းလာနော် . . ''
ကိုကို့လေသံက အံကြိတ်ထားရသလို ခပ်တိုးတိုး ။ ညီနှလုံးတွေတထိတ်ထိတ်အခုန်မြန်လာကာ လက်ဖျားလေးတွေပင်အေးချင်လာလျက် အခန်းထဲကအပြေးတပိုင်းပြေးထွက်လာခဲ့မိသည် ။
'' အ ''
စိတ်လှုပ်ရှားနေသည်မို့ ကတုန်ကယင်ဖြစ်နေသည့် ခြေလှမ်းကလှေကားထစ်တစ်နေရာမှာဖျတ်ကနဲ ချော်ကျတော့မလိုဖြစ်သွားသဖြင့် ညီထိတ်တုန်သွားကာ လှေကားလက်ရန်းကိုကိုင်ပြီးငြိမ်ငြိမ်လေးခဏရပ်နေရသေးသည် ။
ရင်တွေကဖြင့်ပေါက်ထွက်တော့မလိုခုန်လျက် ။ ကိုကို့ကိုစိတ်ပူတာကော ကိုယ့်အဖြစ်ကိုလန့်သွားတာပါပေါင်းကာ ။
ကိုကိုဘာဖြစ်လာတာပါလိမ့် . .
ကိုကိုဘာဖြစ်လာတာပါလိမ့် . .
အိမ်မှာရှိနေတယ်ပဲထင်တာ ဘယ်အချိန်ပြန်ထွက်သွားမှန်းတောင်မသိလိုက် . . မေမေတို့လည်းမသိဘူးထင်တယ် ဒါကြောင့် အေးအေးဆေးဆေးနေကြတာပေါ့ အိမ်မှာလူကုန်ပြန်ရောက်ပြီထင်ပြီး အိမ်တံခါးတွေကောခြံတံခါးတွေပါပိတ်ထားတာ . .