သူ့လက်ထဲကဓာတ်ပုံကလေးတွင် တစုံတရာကိုပြုံးငုံ့စိုက်ကြည့်နေသည့် ညီမင်းမျက်နှာလေးက နူးညံ့အေးချမ်းလို့နေခဲ့ပါ၏ ။ နောက်တစ်ပုံတွင်တော့ ခေါင်းလေးမော့လျက် အားရပါးရပင်ရယ်မောနေခဲ့သည် ။ ဒါတွေကတမင်တကာ ဓာတ်ပုံရိုက်ဖို့ရည်ရွယ်ကာအမူအရာပြုခဲ့တာမဟုတ် ။ ဒီပုံတွေရိုက်နေတာ ညီမင်းကသိပင်မသိခဲ့ပါ ။
အခုရှစ်နှစ်သားနီးပါးရှိနေပြီဖြစ်သည့် တူလေး ဥက္ကာကိုမွေးပြီးသည့်အချိန် ။ မေမေ့တို့ဆီမြေးပြရင်းမမခေါင်ပုလဲတစ်ခေါက်ပြန်လာခဲ့စဉ်က ။ အဲ့ဒီတုန်းကဥက္ကာဟာပုလုကွေးနီတာရဲသာရှိသေးသည် ။ ပြုံးတတ်ရယ်တတ်စ သူ့ကိုမြူ တာကိုကောင်းကောင်းသိနေပြီး မြူ သည့်လူကိုတခိုးခိခိအသံထွက်အောင်ရယ်ပြတတ်ပြီမို့ ။
ညီမင်းတစ်ယောက်ဟာ တူပေါက်စနီတာရဲနားကမခွာနိုင်ပဲ အားတိုင်းဒါကိုပဲနှိုက်ကာ အူတယားယားသဘောကျနေတတ်ခဲ့တာ ။ ခေါင်ပုလဲတို့ပြန်သွားတော့ ဥက္ကာကိုလွမ်းပြီး ညီမင်းတလိမ့်လိမ့်တခွေခွေဖြစ်နေခဲ့သေးသည် ။
ဘယ်လောက်ဖြူ စင်လိုက်တဲ့ပုံလေးတွေလဲ ။ ကလေးထည့်ထားတဲ့လက်တွန်းလှည်းဘေးမှာ ငုတ်တုတ်လေးထိုင်ကာ မျက်လုံးလေးမှိတ်အောင်ခေါင်းမော့ရယ်မောနေတဲ့ပုံကလေးကို ခေါင်ဘုန်းကလက်ဖျားလေးနဲ့ဖွဖွတို့ထိကြည့်နေမိပါသည် ။
မြတ်နိုးလိုက်တာ . . တန်ဖိုးထားလိုက်ရတာ . . အရိပ်တကြည့်ကြည့်စောင့်ရှောက်ပြုစုလာရတဲ့ ကိုယ့်ကလေးငယ်လေး . .
ချစ်ရလွန်းလို့. . ချစ်တောင်မချစ်ရက်နိုင်တော့တဲ့အထိ . . ဖြူ ဖြူ စင်စင်ကလေးမြတ်နိုးရလွန်းလို့ ချစ်ပစ်ဖို့တောင်နှမျောရတဲ့အထိ . . .
ဒါကြောင့်ပဲ ခေါင်ဘုန်း ဒီကလေးကိုချစ်နေပါပြီလို့ကိုယ့်ကိုယ်ကိုယ်သိဖို့အချိန်တွေကြာမြင့်နေခဲ့ရတာ . . ဒါဟာအချစ်ပါပဲလို့ခွဲခြမ်းစိတ်ဖြာဖို့မစွမ်းသာခဲ့တာ ။
'' မြန်မြန်ပြန်လာ . . လျောက်သွားမနေနဲ့ ''
အရူးလို့ထင်ချင်ထင် ။ ဓာတ်ပုံလေးကိုပဲ မျက်မှောင်ကျုံ့ကျုံ့ကြည့်ကာ ခေါင်ဘုန်းမချင့်မရဲရေရွတ်မိသည် ။ ခွဲရတာနှစ်ညနဲ့သုံးရက်ရှိပြီ ။ နာရီပေါင်း ငါးဆယ်ကျော် ။ ကိုကို . . ကိုကို ရယ်လို့တစာစာညံတတ်သည့်အသံလေးကိုမကြားရ ။ ကိုယ့်ကိုမို့ချွဲနွဲ့ဆိုးသွမ်းတတ်သည့်အမူအရာလေးတစ်ခုကိုမမြင်ရတဲ့ဒီနာရီငါးဆယ်အတွင်းမှာ ကိုယ့်ဘဝကြီးဘယ်လောက်သွေ့ခြောက်တိတ်ဆိတ်ငြီးငွေ့ဖွယ်ကောင်းနေရသလဲဆိုတာ ပြောပင်မပြတတ်ပါ ။