'' ညီမင်းညို . . ''
ခပ်ဆတ်ဆတ်ထွက်လာသည့်အသံနောက်မှာ ကိုယ်လေးပင် ဆတ်ကနဲ တုန်သွားသည်ထင်ရသော ' ညီ့ 'ကို ဇေယျာထွန်းကစိတ်ပျက်လက်ပျက်ကြီးကြည့်လိုက်ပါသည် ။ဇေယျာ့သူငယ်ချင်းလေး ' ညီ 'ဟာဘယ်လိုဖြစ်လို့ ပဲ ဒီအစ်ကိုတစ်ယောက်ကိုဒါလောက်ကြောက်ရတာပါလိမ့် ။
အခုလည်းပဲကြည့် ။ မြတ်ခေါင်ဘုန်း အသံကိုကြားတာနဲ့ပင် စားဖို့ပြင်နေသည့် ဝက်အူမကြီးကွင်းလေးဟာ ဒုတ်နဲ့ထိုးလျက်သားလေးအတိုင်း ပန်းကန်ထဲကိုပြန်ကျသွားခဲ့တာ ။
'' အိမ်မပြန်သေးပဲဘာလုပ်နေတာလဲ ဒီအချိန်ထိ ''
ရှေ့တွေနောက်တွေရှင်းလားမရှင်းလားပင်အဖက်မလုပ်တော့ပဲ ကားအကောင်းစားကြီးကိုကြုံသလို ထိုးရပ်ပစ်ကာ ကားပေါ်မှဆင်းလာသည်က '' မြတ်ခေါင်ဘုန်း '' ။ အရပ်မြင့်မြင့်မှာ ဂျင်းပြာမွဲတစ်ထည်ကို ရှပ်အနက်တစ်ထည်ဖြင့်တွဲဝတ်ထားသည်က သာမာန်ထသွားထလာအနေအထားကိုအတိအကျဖြစ်သည့်တိုင် ဘယ်အရာကမှန်းမသိ '' မြတ်ခေါင်ဘုန်း '' ဆိုသည့်လူသားကို လူအများကြားထင်းရှင်းလင်းထွက်နေအောင် ကူညီပံ့ပိုးထားသည်မှာ ဇေယျာထွန်းတို့ထိုင်နေသည့် ဝက်သားဒုတ်ထိုးဆိုင်ပတ်ဝန်းကျင်ကလူတွေအကုန် မော်ဒယ်လား တက်သစ်စမင်းသားလား အထင်ဖြင့်ဝိုင်းငေးကာကြည့်နေကြရသည်အထိ ။ ဝက်သားဒုတ်ထိုးသည် ဦးလေးကြီးကပင် လှီးလက်က ဝက်နားရွက်ကိုထားကာ ငေးနေသဖြင့် ဇေယျာသတိပေးရသေးသည် ။
မြတ်ခေါင်ဘုန်းကတော့ ဘေးပတ်ဝန်းကျင်ကိုလည်းအမှတ်မထား ။ သူ့ကို နှာခေါင်းခပ်ရှုံ့ရှုံ့ချင်ဖြင့် ကြည့်နေသည့် ဇေယျာ့ ကိုသာမတူတန်သလို အထက်စီးကတစ်ချက်ကြည့်ပြီး သူ့နဂိုမူဦးတည်ရာဖြစ်သည့် ညီမင်းညို ဆီကိုခပ်မတ်မတ်လျောက်သွားသည် ။
အင်မတန်ဖင်ခေါင်းကြီးကျယ်နိုင်သောအမူအရာကိုသေလောက်အောင်အမြင်ကပ်သည့်ကြားကပင် smart ကျကာခန့်သန့်လွန်းသော ပုံစံကိုလည်း ဇေယျာ့ခင်မျာ အားမကျပဲမနေနိုင် ။ဒါကြောင့်လည်း မြတ်ခေါင်ဘုန်း ဆိုတဲ့လူဟာ တလောကလုံးကိုအဖက်မတန်မလို မာန်တက်ကာမာနကြီးလွန်း နေတာပဲလား ။