'
'' ဟဲ့ . . ရေတွင်းဟဲ့ . . ''
'' ဘယ်ဟာလဲ ဘယ်ဟာလဲ . . ''
နေ့ဆွမ်းကပ်ပြီးဘုန်းကြီးတွေဆွမ်းဘုန်းနေတုန်းမှာ လူကြီးတွေအလုပ်ရှုပ်နေကာ သူတို့ကိုဆွဲထားမယ့်ပြောမယ့်လူမရှိတော့ပဲ လွတ်လပ်သွားတာမို့ ညီမင်းညိုရယ် ဇေယျာရယ် ပန်းနုရောင်ရယ် သုံးယောက်သား ဘုန်းကြီးကျောင်းဝင်းကိုလှည့်ပတ်စပ်စုဖို့ပြင်ကြပါသည် ။ မြစံဂူကျောင်းဟာ မြို့အထွက်မှာရှိပြီးမြို့ထဲက တခြားသောဘုန်းကြီးကျောင်းတွေနဲ့ခြားနားစွာ တကယ့်တောကျောင်းလေးသဖွယ်ဖြစ်နေပါသည် ။ ကျောင်းဝင်းကျယ်ကျယ်မှာ သစ်ကြီးဝါးကြီးတွေ အုတ်လှေကားဟောင်းဟောင်းကြီးတွေ ရေနံသုတ်တိုင်မည်းကြီးတွေနဲ့ကျောင်းဆောင်တွေ ။ မြို့ထဲလိုကားသံလူသံမဆူပဲ တိတ်ဆိတ်သောပတ်ဝန်းကျင်အနေအထားနဲ့ ကျောင်းကြီးဟာခြောက်ခြားစရာလိုလိုနဲ့ သူတို့ကလေးသုံးယောက်အတွက် အရမ်းစိတ်ဝင်စားစရာကောင်းနေတော့တာပင် ။
ညီမင်းညိုကသိပ်မထူးဆန်းသော်လည်း သူတို့အလှူမှာကူဖို့အတွက်လာတာမို့ ပထမဆုံးရောက်ဖူးသည့် ပန်းနုရောင်နဲ့ဇေယျာက လျောက်ကြည့်ပါမယ်တကဲကဲမို့ သူပါပါလာရပါသည် ။
လူကြီးတွေကြား ဘုန်းကြီးတွေရှေ့မှာ အနေအထိုင်ကျဉ်းကျပ်နေရာကနေ ထွက်လာရတာမို့ စိတ်လွတ်လပ်ပေါ့ပါးနေသည့်သူတို့သုံးယောက်အတွက်မြင်သမျှကအသစ်အဆန်းနဲ့ ပျော်စရာချည့် ။
ဘုန်းကြီးကျောင်း ဝင်းကျယ်ကျယ်ထဲမှာ အပင်တွေခြုံတွေကပေါ ဇရပ်လိုဆွမ်းစားဆောင်လို အဆောင်ငယ်တွေကလည်းဟိုတစ်ခုဒီတစ်ခုနဲ့ ကျောင်းဝင်းရဲ့တစ်ဖက်ခြမ်းဟာတော့ သစ်ပင်တွေကတောအုပ်ငယ်လေးတစ်ခုလို ပေါက်ရောက်နေကာ ရှားရှားပါးပါး ချိုးကူသံ ကြက်တူရွေးအုပ်ရဲ့အသံတွေကိုတောင်ကြားနေရတာပင် ။ အနှောင့်အယှက်ကင်းသောအရပ်ဒေသမို့ တွေ့ရခဲနေပြီဖြစ်သည့် ရှဥ့်ညိုညိုတွေကိုတောင် အမြှီးတွေထောင်ကားကာတကျွတ်ကျွတ်အသံပေးလျက် ဟိုအပင်ဒီအပင်ခုန်ကူးနေတာတွေ့နေရသေးသည် ။
ပန်းနုရောင်က သွပ်မိုးကလေးအုပ်ကာ သစ်သားတိုင်တွေနဲ့စက်သီးဆင်ထားသည့်ရေတွင်းကိုမမြင်ဖူးတာမို့ လှည့်ပတ်ကြည့်ကာသဘောတွေကျနေပါသည် ။