''ငါအနားမှာမရှိဘူး တချိန်လုံးစောင့်ကြည့်မနေနိုင်ဘူးဆိုပြီး နင်ထင်ရာတွေလုပ်မနေနဲ့နော် မြတ်ခေါင်ဘုန်း''
'' မလုပ်ပါဘူး မမရာ ဘာကောလုပ်စရာရှိလို့လဲ ''
'' ဘာမှလုပ်စရာမရှိဘူး လုပ်ဖို့လည်းမစဉ်းစားနဲ့ ''
'' မစဉ်းစားပါဘူးဆို''
''ညီမင်းကကော''
''ညီကဘာဖြစ်လို့ပါလာပြန်တာလဲ''
''နင်သူ့နားပဲသိပ်ကပ်မနေနဲ့''
ဖုန်းပြောရင်းတစ်ဖက်မှာစိတ်ပျက်လက်ပျက်ရှုံ့မဲ့နေရင်းကပင် ခေါင်ဖုန်းမှာသူ့အစ်မကိုရယ်ချင်နေရပါသည်။
''တစ်အိမ်ထဲနေတာပဲ မမရယ် ကပ်တယ်မကပ်ဘူး ဘယ်လိုလုပ်ရှိမလဲ . . ဒီလိုပဲပေါ့ ''
'' ဘာဒီလိုပဲလဲ . . ဟင်း . . ငါမပြောချင်ဘူးနော် . . မြတ်ခေါင်ဘုန်း ငါ့မှာမတတ်သာလို့သာပြန်လာရတာ . . နင်တို့ကိုနည်းနည်းမှစိတ်ချတာမဟုတ်ဘူး ''
'' ဒါဖြင့် ဒီမှာပြန်နေပေါ့ ကိုကျော်စွာ့ကိုထားခဲ့''
'' နင်နော် ငါ့ကိုမရွဲ့နဲ့ . . မနေနိုင်မှန်းသိရဲ့နဲ့''
'' သြော်မရွဲ့ပါဘူးဗျာ စိတ်မချစရာကောဘာရှိလဲ မမကလဲ ''
ဘာပဲဖြစ်ဖြစ် ညီမင်းနဲ့ဝေးဖို့ကတော့ဘယ်တော့မှစိတ်ကူးမှာမဟုတ်တဲ့အတွက် စိတ်ချချသာနေလိုက်ပါ မမရယ်. .
ခေါင်ဘုန်းသည် ကိုယ့်ဟာကိုတိတ်တိတ်လေး စိတ်ထဲကခွန်းတုံ့ပြန်နေရင်းပြုံးစိစိ။
'' စိတ်မချစရာဘာရှိလဲဆိုတဲ့ လေသံကိုပဲ စိတ်မချတာဟေ့ . . နင်နော် ရုတ်ရုတ်ရုတ်ရုတ်မလုပ်နဲ့ တခုခုဆိုငါက အဘွားဒေါ်မြစိမ်းကိုလှမ်းတိုင်မှာနော် ''
'' ဟာ မမကလဲ . . အဲ့ဒီအဘွားကဖြင့် သူ့ဟာသူမှသွေးတက်လိုက်သွေးကျလိုက်နဲ့ ဆေးခန်းကိုအိမ်လုပ်နေတာကို ပေါက်ကရတွေပြောပြီးလူကြီးကိုစိတ်ဒုက္ခသွားမပေးပါနဲ့ဗျာ တော်ကြာ မမအပြစ်ကျနေမယ်နော် ''
'' ပေါက်ကရတွေမပြောစေချင်ရင် အဲ့ပေါက်ကရတွေကိုအစထဲကနင်မလုပ်ထားနဲ့ပေါ့ ''