'' သမီးကြီးကိုတော့ အခုမှသေချာမြင်ဖူးတာပဲ သမီးကအဖေတူတယ်နော် . . သားကတော့အမေတူတယ်. . အရပ်ကြီးတွေမြင့်ပြီးချောလိုက်ကြတာ . . .''
ဒေါ်မြစိမ်းက လက်ကလေးကိုဖွဖွရွရွဆုပ်ကိုင်လျက်တစိမ့်စိမ့်ကြည့်ကာ ချီးမွမ်းလျင်ခေါင်ပုလဲက ခပ်ရွံ့ရွံ့ဖြစ်နေရတာကိုဖုံးကွယ်ကာ သိမ်သိမ်မွေ့မွေ့လေးပြုံးနေပါသည်။
ခေါင်ပုလဲတို့သည်လည်းမွေးကတည်းကရွှေဇွန်းကိုက်ဆိုတာမျိုးမဟုတ်တာတောင် သာမာန်ထက်ပိုသောအနေအထားမှာရပ်တည်ခွင့်ရခဲ့သူတွေပါပဲ။ဒါပေမယ့် မျိုးရိုးစဉ်ဆက်ချမ်းသာကြွယ်ဝခဲ့သည်ဆိုသော ရတနာကုန်သည်ဒေါ်မြစိမ်းနဲ့တော့မယှဉ်နိုင်ပါပေ။ပါးပါးလျားလျားလေးပဲဝတ်စားပြင်ဆင်ထားတာတောင် ဖိတ်ဖိတ်လက်အရောင်တောက်ပနေသောအသွင်အပြင်က ပြုပြင်ဖန်တီးယူ၍မရသော ကျက်သရေတစ်မျိုးထွန်းတင့်ကာ ဘေးကလူတွေကိုအလိုလိုအရောင်လျော့မှေးမှိန်စေပါသည်။ထိန်းချုပ်နေသည့်ကြားကပင် ထိုအဖွားထံမှ လျှံထွက်နေသည့်အရှိန်အဝါကို အလိုလိုရှိန်လန့်နေမိတာပင်။
ခေါင်ပုလဲဟာ ဒီတစ်ခါတော့ကံတရားဟူသောအရာကြီးကို သြချရတော့မလိုပါပေ။မိမဲ့ဘမဲ့နဲ့(တွေးကြည့်လျင်)ကိုယ်တွေမှမမွေးစားရင်မိဘမဲ့ဂေဟာပဲရောက်မလား လမ်းဘေးမှာပဲကြီးရမလားမသိသော ညီမင်းညိုဟာ ဒီလိုအဆင့်အတန်းဒီလိုမျိုးရိုးကဆင်းသက်ပေါက်ဖွားလာတယ်ဆိုတာ ကိုယ်တွေကမျက်မြင်မှမဟုတ်ရင်ယုံချင်စရာမှမရှိလေတာပဲ။
ကိုယ်ကလည်းဒီမှာမရှိတာမို့ ကိစ္စတွေဒီလိုဒီလိုပါဟုကြားစဉ်က စကားတွေကိုသာနားထောင်လိုက်ရပြီး အဖြစ်တွေဆန်းသားဟုခဏတဖြုတ်သာအံ့သြလိုက်မိတာဖြစ်ပါသည်။ဒီကိုပြန်ရောက်လာကာ လက်တွေ့မျက်မြင်ကြုံတွေ့ရမှပင် ဒေါ်မြစိမ်းရဲ့ချမ်းသာကြွယ်ဝမှုအတိုင်းအတာကိုခန့်မှန်းမိကာ စိတ်ထဲတမျိုးကြီးတောင်ဖြစ်ယူရပါသည်။
မေမေတို့ခေါင်ဘုန်းတို့ကတော့ဘယ်လိုမှနေပုံမရ။ခေါင်ပုလဲသည်လည်းပဲ ညီမင်းညိုကိုမောင်ကလေးတစ်ယောက်အဖြစ်တကယ်ပဲချစ်ပါသည်။ဆွေရင်းမျိုးရင်းပေါ်လာတာကိုလည်းစိတ်ရင်းနှင့်ဝမ်းသာရပါ၏။ဒါပေမယ့် အဲ့ဒီပေါ်လာတဲ့ဆွေမျိုးက ကိုယ့်ထက်အဆများစွာမြင့်မားနေသောအခါမှာ မနာလိုခြင်းမဟုတ်သော ကသိကအောက်ဖြစ်စိတ်လေးတစ်ခုက အတွင်းပိုင်းတစ်နေရာမှာတည်ရှိနေပါသည်။