နောက်နှစ်ရက်ဆိုကျောင်းတွေပြန်ဖွင့်ပြီ . . စိတ်လွတ်လပ်ပေါ့ပါးခြင်းမရှိခဲ့ရသည့် ကျောင်းပိတ်ရက်တွေက ကျောင်းပိတ်ရက်နဲ့တောင်မတူ . . ပန်းနုရောင်အတင်းဆွဲခေါ်လို့ ပါသွားခဲ့ရတဲ့ မဏ္ဏာပ်ထိုင်တစ်ရက်ကြောင့်သာ သြော် သင်္ကြန်ပါလားလို့ အမှတ်ရလိုက်ရတာမျိုး။
သတိရခြင်းနှင့်လွမ်းဆွတ်ခြင်းသည် သံတူကြောင်းကွဲအကြောင်းအရာများသာ။နေ့များ၌သော်လည်းကောင်း ညများ၌သော်လည်းကောင်း သတိရစွာလွမ်းဆွတ်၍ လွမ်းမောခြင်းဖြင့်သတိရသည်။
ရုပ်ရှင်ကြည့်နေတဲ့အချိန် တယောက်ယောက်နဲ့စကားပြောနေတဲ့အချိန်မျိုးမှာတောင် ဘာတွေပြသွားမှန်းမသိ ကိုယ့်မျက်နှာချင်းဆိုင်ကလူဟာ ဘာတွေပြောသွားမှန်းမသိအောင် စိတ်ဟာနှစ်ကိုယ်ခွဲလို့ရတဲ့အလား အိမ်ကိုပြန်ပြန်ပြေးသွားတတ်သေးသည်။
သိပ်တွေ့ချင်တာတောင် ကိုကိုရှိတဲ့အချိန် အိမ်မပြန်ဝံ့တာဟာ ကိုယ့်ကိုယ်ကိုယ်အပြစ်ပေးနေရတဲ့အလားပါပဲ နာရီများစွာ . . ရက်များစွာ . . တွေဝေခဲ့ ခေါင်းရှုပ်ခဲ့ ကြောက်ရွံ့နာကျင်ခဲ့အပြီးနောက်မှာ ဘယ်လိုအဖြေများထွက်လာသလဲလို့ ကိုယ့်ဟာကိုယ်ပြန်မေးကြည့်တော့ ဘာတခုမှတိတိကျကျရေရေရာရာမရှိ. . လျောက်ရမယ့်လမ်းက မြူခိုးတွေဖုံးရစ်သိုင်းဖွဲ့နေသလို မှုန်သိုးရီဝေရှိလှသည်။
ရှေ့လည်းမတိုးရဲ နောက်လည်းမဆုတ်နိုင်နဲ့တွေဝေမပြတ်သားလှတဲ့ကိုယ့်ကိုယ်ကိုယ်လည်း အမြင်ကပ်စိတ်ပျက်လှရတဲ့ကြားက တစ်ရက်ထက်တစ်ရက် ပိုသိသာ ပိုထင်ရှား ပိုသေချာလာတာတစ်ခုကတော့ လွမ်းတာပါပဲ . .
ညီမင်းညို ကိုကို့ကိုသိပ်လွမ်းပါတယ် . .
လွမ်းလှပါရဲ့ လို့ပြောမိရင် . . ကိုယ့်ခြေထောက်နဲ့ကိုယ်ဆတ်ဆတ်ဆော့ဆော့ထွက်သွားတုန်းကထွက်သွားပြီးတော့လို့ ကိုကိုသူ့ကိုတစ်ချက်လောက်ထုချင်မယ် ထင်သည်။
ဘယ်သူ့ကိုမှရင်ဖွင့်တိုင်ပင်လို့လည်းမရ သူ့ရဲ့အတွေ့အကြုံ သူ့ရဲ့အသိညဏ်အတိုင်းအတာနဲ့လည်း လိုက်မမှီနိုင်တဲ့ ကိစ္စတွေအတွက် ဘယ်လိုဆုံးဖြတ်ချက်မှမပါလာနိုင်သေးခင်မှာ အလိုလိုရောက်လာတဲ့အိမ်ပြန်ချိန်ကြောင့်သာ လာရာလမ်းကိုဦးတည်ခဲ့ရတာမျိုး။