သူအိမ်တံခါးဝကကျော်ကာခြံထဲကိုခြေချမိတဲ့အခါ လေးနာရီပန်းပင်စုတွေနားမှာ ရှိနေတဲ့ ညီမင်းညိုကိုတွေ့ရသည် ။ပုစုပုစုနဲ့ထိုင်ကာ ရှေ့ကိုကုန်းပြီးအာရုံစိုက်နေပုံကိုကြည့်တာနဲ့ ဘာလုပ်နေတယ်ဆိုတာ သူသိပါသည် ။
ဒီကောင်လေးဟာ . . .
'' ညီ . . ခွေးကိုကိုင်နေပြန်ပြီလား . . ''
သူရှိရာကိုလှည့်ကြည့်လာတဲ့ ညီမင်းညိုရဲ့ပြုံးစိစိမျက်နှာလေးဟာ မလုံမလဲမျက်နှာချိုသွေးသွေးလေး ။ ရှေ့ကိုပိုတိုးလျောက်လာတဲ့ခေါင်ဘုန်းကြောင့်လက်ထဲကကိုင်ချီမထားတဲ့ခွေးကလေးကို ချလည်းမချနိုင် ဘယ်ထဲကိုပဲထိုးဖွက်ရတော့မလို ဟိုမြှောက်ဒီမြှောက် ။ လုံတာလဲမဟုတ်ပဲနဲ့ ။
'' ချထားလေ ပြုတ်ကျဦးမယ် ခွေးက ''
'' အဟင်း . . မပြုတ်ကျပါဘူး . . ကိုကိုရဲ့ . . ''
'' ခုထိ ဒီကောင်ကဒီမှာရှိနေတုန်းပဲလား . . ''
နားရွက်ကလေးနှစ်ဖက်နောက်ပစ်လျက် အမြှီးလေးတလှုပ်လှုပ်ယမ်းရင်း သူ့စကားကိုနားလည်သယောင်ယောင်လုပ်နေသည့် ခွေးလေးကိုငုံ့ကြည့်ကာ ခေါင်ဘုန်းက ငြီးတွားမိသည် ။
ဒီကောင်လေးဟာ မနေ့ကညနေက သူတို့အိမ်ကိုရောက်လာခဲ့တာပင် ။ မေမေနဲ့ဖေဖေအပြင်ထွက်မှာမို့ ခြံတံခါးခဏဖွင့်တဲ့အချိန်မှာ လမ်းမပေါ်ကခွေးကြီးတွေတဝုန်းဝုန်းရုန်းရင်းဆန်ခတ်ပြေးလာတဲ့ကြားက ခွေးပေါက်လေးတစ်ကောင်ဟာ သူတို့ခြံထဲကိုပြေးဝင်လာခဲ့သည် ။ ရုတ်တရက်မို့တားလည်းမတားလိုက်နိုင်ခင် ခွေးငယ်လေးကလှစ်ကနဲ ခြံထဲကပန်းအိုးတွေနောက်အထိ ပြေးဝင်ပုန်းသွားခဲ့ပြီး နောက်ကလိုက်လာသည့် လေလွင့်ခွေးတွေကတော့ ယောင်လည်လည်ဖြင့်ပြန်လှည့်သွားကြသည် ။
ခွေးရူးမှန်းခွေးကောင်းမှန်းမသိတာမို့ ခေါင်ဘုန်းနဲ့ကြီးစိန်ကအကဲခတ်နေဆဲ ညီမင်းညိုကတော့ ပန်းခြုံတွေထဲစွတ်ရွတ်တိုးဝင်သွားကာခွေးကလေးကိုချော့မြူ ဆွဲထုတ်လာခဲ့ပါသည် ။ အဲ့ဒီတုန်းကလည်း စိတ်ပူဒေါသနဲ့ သူ ညီ့ကိုအော်ရသေးသည် ။
'' အင်းလေ . . သူကပြန်မှမပြန်ပဲ သူ့ကိုဘယ်သူမှလည်းလိုက်မရှာကြဘူး . .ပိုင်ရှင်မရှိတာလား မသိဘူးနော် ကိုကို ''