အိမ်ရှေ့မှာထိုးစိုက်လာသည့်ကားသံကြားသဖြင့် ခေါင်းထောင်ကြည့်မိတော့ ကားပေါ်ကဆင်းလာသူက 'ထိုက်တန်'
'' ကိုထိုက်တန်ဘယ်ကပြန်လာတာလဲ ''
သူ့လိုပဲ လည်ပြန်ကြည့်နေသော ပန်းနုရောင်ကိုလှည့်မေးမိသည် ။
'' ကားသွားစစ်တာ . . ခရီးသွားမှာမို့ ကားကြံ့ခိုင်ရေးတဲ့ ''
'' သြော် . . ခရီးက ဘယ်ကိုလဲ ''
'' ပြင်ဦးလွင်တဲ့ ''
'' ပြင်ဦးလွင် ?''
'' အင်း . . ဖွားဖွားက နောက်အပတ်ထဲသွားဖြစ်မယ်ဆိုလို့ ခုထဲက ကားအတွက်လိုတာတွေစစ်ဖို့ သွားပြတာနေမှာပေါ့ ''
သူခေါင်းတငြိမ့်ငြိမ့်ဖြင့် အာလူးကြော်တစ်ဖက်ကိုကောက်ဝါးရင်း ။
'' ကိုထိုက်တန်ကိုတော့ဖွားဖွားက တကယ်လက်စွဲပဲနော်
စိန်ထုပ်တွေဆိုလည်း ဒီအတိုင်းလက်ထဲထည့်ပေးလိုက်တာပဲ '''' ဟဲ့ . . ကိုထိုက်က ဖွားဖွားရဲ့ လက်သပ်မွေးထားတဲ့ ဆန်ကာတင်မြေးသမက်လောင်းလေ . . နင်မသိဘူးလား . .''
အားရပါးရပြောချလိုက်သည့်ပန်းနုရောင်ကို အာလူးကြော်ကိုဆက်မဝါးနိုင်ပဲ သူမျက်လုံးပြူ းငေးနေမိမှ ။ ကိုယ့်စကားအသွားအလာကိုသဘောပေါက်သွားပုံရသည့် ပန်းနုရောင်က လက်ကာခြေကာ ကပျာကယာ ။
'' ဟာ ငါမဟုတ်ဘူး ငါမဟုတ်ဘူး . . ငါ့ကိုမကြည့်နဲ့ . . မမနဲ့ မမနဲ့ ငါ့အစ်မ နီညိုလွင်နဲ့ . . ဟဲ့ . . ''
'' ငါကဘာပြောရသေးလို့လဲ အလန့်တကြားနိုင်လိုက်တာ ''
ညီမင်းညိုရဲ့ပြုံးစိစိကို ပန်းနုရောင်ကမျက်စောင်းကြီးကြီးခဲပါသည် ။
'' ဘာတွေရယ်နေကြတာလဲ . .''
အနားရောက်လာသည့် ထိုက်တန်ကဘာမသိညာမသိလိုက်ပြုံးလျက် ။
'' ဒီမှာလေ ကိုထိုက်ကိုဖွားဖွားတို့က အရမ်းချစ်တယ်လို့ညီမင်းကပြောနေတာနဲ့ ချစ်ရုံမက မြေးသမက်အရာထိလျာထားကြောင်း ရှင်းပြ . . ''
'' ပန်းနု . . ''
ခပ်ဆတ်ဆတ်လေသံကြောင့်ပန်းနုရောင်အသံတိတ်သွားကာ ညီမင်းညိုပါ ထိုက်တန်ကိုမော့ကြည့်မိသည် ။ တင်းတယ်မဟုတ်ပေမယ့် ထိုက်တန်မျက်နှာက တည်သည် ။