ဒီနေ့အိမ်မှာ မေမေမရှိပါ ။ ကြီးစိန်လည်းမရှိ ။ တစ်ရပ်ကွက်ထဲတွင်ရှိပြီး လမ်းသာခြားသော မဟာစည်မှာညတရားပွဲသွားနာရင်း တရားပွဲနှင့်နီးသောမေမေ့သူငယ်ချင်းတရားနာဖော် ဥပုလ်စောင့်ဖက်အန်တီကြီးတစ်ယောက်အိမ်မှာ နှစ်ယောက်သားအိပ်ကြလိမ့်မည် ။သူတို့သားအဖသုံးယောက်အတွက် မနက်စာညစာတွေ ချက်ပြုတ်ပြင်ဆင်ခဲ့ကြပြီးလျင် နေမမြင့်ခင်လောက်ထဲကထွက်သွားခဲ့နှင့်ကြပြီ ။
'' အဖွားကြီးတွေစုပြီးအတင်းပြောကြမလို့နေမှာပါကွာ . . ''
မေမေမကြားအောင် ဖေဖေကသားနှစ်ယောက်ကိုကျိတ်ပြီးတိုးတိုးပြောလို့ညီမင်းညိုရီရပါသေး ။ ငရဲတွေကြီးကုန်မှဖြင့်လေ ။ ဖေဖေကသူ့မိန်းမအပြင်မှာအိပ်လို့ မကျေနပ်ပြီးပေါက်ကရတွေပြောပေမယ့် ခဏနေတော့သူလည်းသူ့အပေါင်းအသင်းတွေစုပြီးဝိုင်းကြဖို့ဖုန်းဆက်ချိန်းနေတာ ညီမင်းညိုအကြားသား။ မေမေရှိရင်တော့ အိမ်အပြန်ညနက်ရင်မေမေကပွစိဆူညံဗျစ်တောက်တတ်သဖြင့် ဖေဖေလည်းအပြင်မှာကြာကြာမနေရပါ ။
ကြောင်မရှိကြွက်ထလို့ပြောရမလား သူကြီးမရှိတော့ရွာဆူတာပဲလား မသိ . . တကယ်တော့ညီမင်းညိုလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲမို့ ဖေဖေ့ကိုခွင့်တောင်တောင်းပြီးခဲ့ပြီ ။ ဒီနေ့ မိုင်ဒါကွင်းလို့ခေါ်ကြတဲ့မြို့လယ်ကအားကစားကွင်းကျယ်ကြီးထဲမှာ ရှိုးပွဲရှိသည် ။ အဆိုတော်တွေနဲ့နယ်လှည့် ရှိုးပွဲမျိုးက ညီမင်းညိုတို့မြို့မှာ တစ်နှစ်မှလေးငါးကြိမ်လောက်သာလုပ်ဖြစ်တတ်တာမျိုး ။ မနှစ်ကတစ်နှစ်လုံးဟာ ညီမင်းညို ဆယ်တန်းမို့ဘာပွဲသဘင်မှမဆင်နွှဲရ ။
ဒီတစ်ပွဲကတော့ ဒီတစ်နှစ်အတွက် ပထမဆုံးပွဲဖြစ်တာမို့ ညီမင်းညိုကသွားချင်ပါသည် ။ ဇေယျာနဲ့ ဒီဘက်ကျောင်းရောက်မှ ခင်တဲ့သူငယ်ချင်းနှစ်ယောက်လောက်လည်းပါမှာမို့ ဖေဖေကလည်းသွားချင်သွားလို့ခွင့်ပြုပြီးသား ။
အခုကျော်ဖြတ်စရာနောက်ဆုံးတစ်ဆင့်ပဲ ကျန်တော့တယ် ။ အဲ့ဒါကလဲ တကယ်အခက်ခဲဆုံးအဆင့် ။ မေမေနဲ့ဖေဖေ့ဆီမှာ ခွင့်တောင်းရတာတောင် ဒါလောက်ခက်မှာမဟုတ်ဘူးဆိုတာ သူသိပြီးသား ။