'' ညီ . . ဧည့်သည် . . ''
ဧည့်ခန်းကဆိုဖာတစ်လုံးပေါ်မှာထိုင်ကာ စာအုပ်တစ်အုပ်ဖတ်နေရင်း အခန်းတံခါးဝမှာပေါ်လာတဲ့ ကိုကို့မျက်နှာက ဘာလို့ရှုသိုးသိုးဖြစ်နေရသလဲ တွေးမဆုံးခင် အိမ်ထဲကိုတပြုံတမဝင်လာသည့် လူသိုက် ။
'' ဟင် . . ဇေယျာ . . ပန်းနုရောင် . . ''
ပြုံးဖြဲဖြဲမျက်နှာတွေကိုမြင်ရင်ပဲ ညီမင်းလည်းအလိုလိုမြူ းတူးလာရသည် ။ အိပ်ယာထဲကတောင်ထမိတော့မလိုဖြစ်သွားခဲ့လျင် ။
'' မထနဲ့လေ ညီ ခြေထောက်မသက်သာဘူးဆို . . ရတယ် ဒီအတိုင်းနေ ''
လှစ်ကနဲအနားရောက်လာကာ ပခုံးကနေအသာဖိထားသူ ။
'' ကိုထိုက်တန် . . ''
မော့ကြည့်၍ခပ်တိုးတိုးနှုတ်ဆက်မိသော ညီမင်းကို ထိုက်တန်ကခပ်နွမ်းနွမ်းပြုံးပြပါသည် ။
'' အရင်နေ့က ငါတို့ဖုန်းဆက်သေးတယ် . . မင်းအိပ်နေတယ်ဆိုတာနဲ့သတင်းပဲမေးပြီး မင်းကိုမခေါ်ဖြစ်တော့တာ . . ''
ဇေယျာကတော့ ပြုံးဖြဲမြဲ . . သူငယ်ချင်းချင်းလူလူသူသူလုပ်ကာလူနာလာမေးရတာကို ရယ်ချင်နေဟန် ။
ပန်းနုရောင်ကတော့ ဘာဖြစ်သေးလဲ ဘာဆေးသောက်လဲ ဘယ်နားကဘယ်လိုနေတယ်ဆိုတာမျိုး စေ့စေ့ပေါက်ပေါက်လိုက်မေးနေပါသည် ။
တကယ်တော့ လူနာလာမေးခံရတာက ညီမင်းအတွက်လည်းအထူးအဆန်း ။
'' ဟီး ဟီး မင်းကိုသတင်းမေးဖို့ငါတို့ဝယ်လာတဲ့ မုန့်ထက် မင်းအမေငါတို့ကိုပြန်ကျွေးတဲ့မုန့်ပိုများနေတယ် ''
ပါးစပ်တစ်လုံးမုန့်အပြည့်နှင့် ဇေယျာစကားကြောင့် သူတို့ရယ်ရသေးသည် ။ လူပါလာသော်လည်း စကားဝိုင်းထဲဝင်မပါပဲ ငြိမ်လျက်သာထိုင်ကြည့်နေသူကထိုက်တန် ။
'' ဟေ့ကောင်တွေ . . ကိုထိုက်တန်ကိုဧည့်ခံကြပါဦး အစ်ကို့ကိုအားနာစရာကြီး မုန့်တွေလည်းမင်းပဲစားမနေနဲ့ ကိုထိုက်တန်ကိုကျွေးကြပါဦး ''
'' အားမနာပါနဲ့ ကိုယ်ကသတင်းလာမေးတာကို ဧည့်သည်လုပ်ဖို့လာတာမှမဟုတ်တာ . . အားနာစရာမလိုပါဘူး ''