'' နီးရက်နဲ့ဝေးဆိုတာ ဒါမှအစစ်ပဲ . . ''
မြတ်ခေါင်ဘုန်းက စားပွဲပေါ်ထောက်ထားသည့် လက်နှစ်ဖက်နှင့် နှုတ်ခမ်းများကိုကွယ်လျက် အရှေ့မှ ညီမင်းညိုကြားသာရုံခပ်တိုးတိုးရေရွတ်လျင် သူကခေါင်းကိုငုံ့ကာ ရှမ်းခေါက်ဆွဲကိုငုံ့စားရင်း လူမမြင်အောင်ပြုံးရပါသည် ။
'' ရယ်မနေနဲ့ . . ''
ကိုကို့အံကြိတ်သံကြီးနဲ့ ကြိမ်းမောင်းသံကိုကြားမှ ပိုရယ်ချင်ကာ ကိုယ်လေးလှုပ်အောင်အသံမထွက်ပဲ ရယ်မိရတော့သည် ။
ပါးကလေးတွေပန်းရောင်သွေးပြေးအောင် ခေါင်းငုံ့လျက်ရယ်နေသည့် ညီမင်းကိုမြတ်ခေါင်ဘုန်းကတော့ မချင့်မရဲငေးနေရုံသာတတ်နိုင်ပါသည် ။
ငေးရုံပဲမငေးတော့ဘယ်လိုလုပ်မလဲ ။ ဖေဖေကလည်းအခုမှထမင်းစားပွဲကထသွားတာ ။ မေမေနဲ့ကြီးစိန်ဆိုတာလည်း စားပွဲမှာသာငြိမ်ငြိမ်လာမထိုင်နေရင်ရှိမယ် ။ ထမင်းစားခန်းထဲ တော်ကြာနေဝင်လာလိုက် ။ တော်ကြာနေထွက်သွားလိုက် ။
အခုမှတကယ့်ကိုဘေးကျပ်နံကျပ် ။ ရည်းစားကိုနီးနီးနားနားတစ်အိမ်ထဲကလူနဲ့ထားရတာ ဘယ်နားကမှအဆင်မပြေပါဘူးကွာ ။ ဘာမှကိုလုပ်လို့မရဘူး ။ မြတ်ခေါင်ဘုန်းက အူယားလာတာကိုမထိန်းသိမ်းနိုင်တော့ပဲ စားပွဲအောက်ကနေ ညီမင်းခြေထောက်ကိုလှမ်းစမ်းကာ သူ့ခြေဖဝါးနှစ်ဖက်ကြားမှာ ညီမင်းညိုခြေချောင်းလေးတွေကို ဖမ်းယူဖိညှပ်ထားပစ်လိုက်ပါသည် ။
ညီမင်းညိုကလန့်သွားကာ ဖျတ်ကနဲ သူ့ခြေထောက်ကိုနောက်ဆုတ်ရုန်းပေမယ့် ခြေဖဝါးနှစ်ဖက်နဲ့မိမိရရ တင်းတင်းဖိညှပ်ထားတာမို့ရုန်းမရ ။
မြတ်ခေါင်ဘုန်းက အမူအရာမပျက်စေရပဲ ညီမင်းညိုကိုပြုံးစေ့စေ့ကြည့်ကာ ။
'' အဖြေပေး . . ''
'' ကိုကို . . ''
ညီမင်းညိုမှာ မျက်နှာငယ်လေးဖြစ်နေပါသည် ။ မသနားပါဘူး ။ အလကားကောင်လေး ။ ညာတာပါတေးနဲ့ ခုထိအဖြေလဲမပေးပဲ ရူးချင်ယောင်ဆောင်နေတာ ။ ကိုယ်ကသာ သူအားငယ်ဝမ်းနည်းနေတာလေးလျော့ပါစေဆိုပြီး ချစ်တယ်ဆိုတဲ့စကား ဘယ်နှစ်ခါပြောခဲ့မိမှန်းတောင်မသိတော့ ။