'' နေသာရဲ့လား သားငယ် . . ရင်ဘတ်အောင့်သေးလား''
'' မအောင့်တော့ပါဘူး . . ''
'' ခေါင်းကောမူးသေးလား ''
'' နည်းနည်းပါ နေလို့ရပါတယ် မေမေရဲ့ ''
'' ဒီစားပွဲပေါ်ရှုဆေးလည်းရှိတယ် သံပုရာသီးတွေလည်းထားပေးထားတယ်နော် . . တခုခုနေလို့မကောင်းရင်လည်းမေမေ့ကိုချက်ချင်းနှိုးသိလား အိပ်ပျော်နေလို့ဆိုပြီးမနှိုးပဲမနေနဲ့ ''
'' ဟုတ်ကဲ့ပါ . . ''
'' မဟုတ်သေးပါဘူး . . ထလာပြီးတောင်မနှိုးနိုင်ရင်ဘယ်လိုလုပ်မလဲ မေမေဒီအခန်းထဲမှာပဲအိပ်ရမလား ''
ညီမင်းကမေမေ့ကိုရယ်ချင်လာကာ အိပ်ယာပေါ်ထိုင်နေရင်း ခေါင်းမော့၍ခပ်တိုးတိုးရယ်လိုက်မိပါသည် ။
'' အဲ့လောက်ထိမလိုပါဘူး မေမေရယ် အရင်ညကအိပ်ရေးပျက်တာနဲ့အစားမဝင်တာရောသွားပြီးဖြစ်တာပါ . . အခုဘာမှမဖြစ်တော့ဘူး အိပ်ရေးဝဝအိပ်လိုက်ရင်ချက်ချင်းကောင်းသွားမှာ မေမေသွားအိပ်ပါ . . ကျွန်တော့်ကိုစိတ်ချ ''
'' အေးလေ ခေါင်ဘုန်းတစ်ယောက်ဟာလည်းဘယ်သွားတယ်မသိ ကိုယ့်ညီနေမကောင်းတာသိရဲ့နဲ့ စောင့်ပေးပြုပေးဖော်မရဘူး . . ဘယ်အချိန်ကဘယ်ကိုထွက်သွားလိုက်မှန်းကို . . ''
'' ရပါတယ် မေမေ စောင့်ပေးစရာမလိုပါဘူး ကိုကို့ကိုပြောမနေပါနဲ့ထားလိုက်ပါ ''
အသံတိမ်တိမ်နဲ့ပဲ သူမေမေ့ကိုတားမိပါသည် ။
ကိုကိုကကျွန်တော့်ကိုစောင့်ပေးချင်မယ်မထင်ပါဘူး . . နေမကောင်းဖြစ်ပြီးပြန်လာတာသိတာတောင် အခန်းထဲတွဲပို့ရုံပို့ပေးပြီး ဘာတစ်ခွန်းမှမေးဖော်မရပဲထွက်သွားတာလေ. .
အဘွားဒေါ်မြစိမ်းတို့နဲ့သွားတွေ့မှာကိုသိကတည်းက ကိုကိုကျွန်တော့်ကိုမကြည်လင်တာ . .
ဘာလို့သွားတွေ့မှာလဲ လို့တားလည်းတားချင် ။ တားလို့လည်းမဖြစ်သင့်တာကိုနားလည်နေသောကိုကိုဟာ မေမေတို့နဲ့လည်းစကားမပြော ညီမင်းကိုလည်းအဖက်မလုပ် သူ့ဟာသူလည်းကြည်ကြည်လင်လင်မရှိ ။ တလောကလုံးနဲ့တစ်ယောက်ရန်ဖြစ်နေသလို တစ်ချိန်လုံးမှုန်ကုပ်ကာ ဘယ်သူနဲ့မှမျက်နှာချင်းမဆိုင်ပဲရှောင်နေသည် ။