ဒါန်းပေါ်မှာထိုင်ကာ မြေကြီးကိုခြေဖျားထောက်လျက် ခပ်ဖြည်းဖြည်းလေးလွှဲယမ်းနေရင်း ညီမင်းညိုငိုင်နေမိသည်။စာကြည့်ဖို့ယူလာပြီးကောက်တောင်ကိုင်မကြည့်မိသေးသည့်စာရွက်တွေက ဘေးနားမှာလေတိုးသည့်အတိုင်းတဖျတ်ဖျတ် ။
ရာသီကပူလာပြီဖြစ်ပေမယ့် ညဘက်မို့ခြံထဲမှာတော့လေအေးလေးတွေမြူးပါ၏။ညီမင်းညိုမျက်နှာလေးကိုမော့သည်။လေနုအေးက ဆံစတွေနဲ့မျက်နှာပြင်ပေါ်ဖြတ်ပြေးတာကိုခံစားသည်။ရင်ကိုဖွင့်လျက်လေတဝကြီးရှုသွင်းသည်။
အသက်ရှုထုတ်လိုက်သလို လေးလံဖိစီးစေတဲ့အတွေးတွေကို ရှုထုတ်ပစ်လိုက်လို့ရရင်ဘယ်လောက်ကောင်းမလဲ . .
'' ကိုယ့်မှာစောင့်နေခွင့်တော့ရှိသေးတယ် မဟုတ်လားညီ''
မျှော်လင့်တောင့်တတိုးလျိုးသော မျက်ဝန်းတွေကိုမြင်ယောင်လာလျင် ညီမင်းညိုမှာတဖန်ပြန်၍အသက်ရှုကျပ်လာရပါသည်။
ကျွန်တော့်နှလုံးသားက အကြွင်အကျန်တစုံတရာမရှိအောင်ကိုလူတစ်ယောက်ဆီမှာအပ်နှင်းပြီးသားဖြစ်နေပါပြီလို့ ဘယ်လိုပြောရပါ့မလဲ . . ကိုကိုနဲ့ကိစ္စကိုဘယ်သူမှသိအောင်ဝန်မခံချင်ပါဘူးလေ
နှလုံးသားဆိုတာက ရောင်းရန်မဟုတ်တို့ ပိုင်ရှင်ရှိသည်တို့ ပေါ်ပေါ်ထင်ထင်ဆိုင်းဘုတ်ချိတ်ဆွဲအသိပေးထားလို့ရရင်လည်းအကောင်းသား အဟားဟား . .
ဒါန်းရဲ့နောက်မှီမှာကျောကပ်ကာ ကိုယ်အဖြေမရှာတတ်တော့တဲ့ကိစ္စကို ပေါ့ပါးအောင်ခပ်ဟားဟားလေးတွေးနေမိစဉ်မှာအနောက်ကနေအုပ်မိုးလာသည့်အရိပ်နဲ့အတူ ဖျတ်ကနဲရစ်သိုင်းပွေ့ဖက်လာသည့်နွေးထွေးမှုတစ်ခုက ညီမင်းညိုတစ်ကိုယ်လုံးကိုလွှမ်းခြုံသွားပါသည်။ပခုံးပေါ်ဖေးတင်လာသည့်မေးချွန်ချွန်ရယ် ပါးပြင်ကိုဖြတ်သန်းတိုးဝှေ့သည့် လေနုနွေးရယ်။ကျောပြင်တစ်ခုလုံးနစ်နွေးနေစေသည့်ရင်ခွင်ကျယ်ကျယ်ရယ်။
'' အပြင်မှာဘာထိုင်ငိုင်နေတာလဲ ကောင်လေး ''
'' အာ . . ဖယ်ပါ ကိုကိုရဲ့ ''