'' မေမေသိရင်ဘယ်လိုလုပ်မလဲ . . သေမှာပဲသိလား မြတ်ခေါင်ဘုန်း နင့်ကြောင့်ငါ့အမေသေမှာပဲ . . ''
'' မေမေတို့ကိုမပြောပါနဲ့ မမ . . ''
'' လုပ်တုန်းကလုပ်ပြီး လူသိမှာကျတော့ကြောက်တယ် ဟုတ်လား . . နင်လေ . . ငါလုပ်ရရင်တော့ . ''
တအိအိငိုရင်း ပြောရင်းကပင် ခေါင်ပုလဲက လက်မောင်းတွေကိုအောင့်နင့်သွားအောင်တဖျတ်ဖျတ်ရိုက်ချပစ်လိုက်ပြန်တာကို ခေါင်ဘုန်းမှာအံကြိတ်ခံရင်း။
'' ကျွန်တော့်တစ်ယောက်ထဲအတွက်ပြောရရင် ဘယ်သူသိသိမကြောက်ဘူး မမ . . ဂရုလည်းမစိုက်ဘူး ဒါလူမှုရေးဖောက်ပြန်တာလည်းမဟုတ်ဘူး သူများဘဝကိုဖျက်ဆီးတာလည်းမဟုတ်ဘူး မကောင်းမှုကျူးလွန်တာလည်းမဟုတ်ဘူး . . ကျွန်တော်လိပ်ပြာလုံတယ် . . မသိစေချင်ဘူးဆိုတာ သိသွားပြီးနားမလည်ပေးနိုင်ကြရင် စိတ်ဆင်းရဲကြမှာ မမလိုဖြစ်ကြမှာစိုးလို့ မမကိုတောင်းပန်နေတာ ''
'' ဒါ နားလည်ပေးလို့ကောရတဲ့ကိစ္စလား . . ''
'' နားလည်ပေးပါလို့လည်းမတောင်းဆိုပါဘူး . . ''
''လူကြီးတွေ စိတ်ဆင်းရဲကြရမယ်ဆိုတာသိရင် နင်ဘာလို့လုပ်သေးလဲ . . မြတ်ခေါင်ဘုန်း ဟင် ''
ခေါင်ဘုန်းမျက်နှာကထိထိခိုက်ခိုက်ပင်ညှိုးလျနွမ်းကျသွားရပါသည်။
'' ဒီကိစ္စက တခုခုကြိုးစားအားထုတ်လုပ်ယူလို့ဖြစ်သွားရတဲ့ ကိစ္စမဟုတ်ပါဘူး မမ . . ဒီလိုဖြစ်ဖို့ကျွန်တော်တို့ ဘယ်သူ့ဘက်ကမှလုပ်ယူခဲ့ကြတာမဟုတ်ဘူး . . ညီမင်းဆိုအချိန်အကြာကြီးသူ့စိတ်ကိုသူ ပြောင်းလဲဖို့ ထိန်းချုပ်ဖို့ကြိုးစားခဲ့သေးတာပါ . . မရလို့ပါ . . မတတ်နိုင်လို့ပါ မမ . .''
'' ညီမင်းညိုကပြောင်းလဲဖို့ကြိုးစားခဲ့သေးတယ်ဆိုတော့ နင်ကမကြိုးစားခဲ့ဘူးပေါ့ နင်ကဒီဘဝရောက်ရတာပျော်နေ ကျေနပ်နေတယ်ပေါ့ . . ''
'' ဒီဘဝဆိုတာ ဘာသဘောလဲ မမ ကျွန်တော်တို့ဘဝတွေကဘာဖြစ်နေလို့လဲ . . ''
ခေါင်ပုလဲသည် ဆံပင်တွေလွင့်သွားအောင်ပင်ခေါင်းကို ခါယမ်းပစ်လိုက်ကာ ပါးပေါ်ကမျက်ရည်တွေကိုလက်နဲ့ခပ်ကြမ်းကြမ်းပွတ်သုတ်ရင်း။