ကိုယ်ပေါ်မှာခြုံထားသည့်စောင်ကို ဖယ်ကာ အိပ်ယာကကုန်းထဖို့ပြင်နေတုန်း တံခါးဖွင့်သံကြား၍လှည့်ကြည့်လိုက်လျင် . .
'' ဟင် . . ကိုကို Showroom မသွားသေးဘူးလား ''
ဝင်လာသူကကိုကိုဖြစ်နေတဲ့အပြင် အပြင်ထွက်မယ့်ပုံမဟုတ်ပဲ အိမ်နေရင်းအဝတ်အစားနဲ့မို့ပိုအံ့သြသွားရပါသည် ။ အချိန်များစောသေးလို့လား . . . ဟင့်အင်း ညီမင်းနိုးလာတဲ့အချိန်ကပဲ . . ကိုးနာရီခွဲပြီးနေပြီ . .
ဆိုင်ကယ်တိုက်ထားတဲ့ဒဏ်ရာတွေက ဖြစ်ဖြစ်ချင်းမသိသာပဲ နောက်ရက်မှပေါ်လာတတ်မြဲထုံးစံ . . ဖြစ်ပြီးတစ်ရက်လွန်ကာမှ ညီမင်းခန္ဓာကိုယ်ပေါ် ဟိုနားကယောင်ဒီနားကညို ဖြစ်လာပါသည် ။
မြင်သာတဲ့သွေးထွက်ပြဲစုတ်တဲ့ဒဏ်ရာတွေက ဆေးလည်းတခါထဲထည့်ဖြစ်တာမို့ ဘာမှထပ်မဖြစ် ။ သွေးပူနေတုန်းကဘာမှမဖြစ်သလိုထင်ခဲ့ရတဲ့ ဒူးတစ်ဖက်ကသာ ညို ပြီးယောင်တက်လာတာ ။ ခါးတွေကျောတွေပါအောင့်နေတာမို့ ညီမင်းတစ်ညလုံးကောင်းကောင်းအိပ်မရခဲ့ ။ တလိမ့်လိမ့်နဲ့တော်တော်ညနက်မှ အကိုက်အခဲပျောက်ဆေးအရှိန်ကြောင့်မှေးကနဲအိပ်ပျော်သွားခဲ့တာ ။ ဒီတော့မနက်ခင်းပါ အိပ်ယာနိုးတွေနောက်ကျ ။
ဒါနဲ့ ကိုကိုကကောဘာလို့အခုထိ ဘာမှမပြင်ဆင်ရသေးတာပါလိမ့် . . ဒီနေ့အိမ်မှာတခုခုလုပ်စရာရှိလို့လား ။
'' ညီ. . သက်သာလား . . အနာဘယ်လိုနေသေးလဲ . . ''
'' သက်သာပါတယ် . . လှုပ်ရင်တော့နာသေးတယ် . . ''
အနားရောက်လာတဲ့ကိုကိုက ညီမင်းနဖူးကိုလက်ဖဝါးနဲ့အုပ်စမ်းကာ ကျန်လက်တစ်ဖက်နဲ့ သူ့ကိုယ်သူအုပ်စမ်းနေပါသည် ။
'' ကိုယ်ပူတော့ကျသွားသားပဲ . . ငယ်လေး ညကအဖျားတွေတက်တာတအားပဲ . . သိလား . .''
ညီမင်းတအံ့တသြလေးခေါင်းခါပြမိရသည် ။ မသိလိုက်ပါ ဒီအတိုင်းအိပ်ပျော်သွားတယ်ပဲထင်နေတာလေ ။
'' မသိဘူး ကိုကို . . ခါးနာလို့တော်တော်နဲ့အိပ်မရတာပဲမှတ်မိတယ် . . ဖျားသေးတာလား ''
'' ဖျားတာမှ အကြီးအကျယ် ကိုယ်တွေပူလိုက်တာ မီးခဲကျလို့ . . ဆေးရုံတောင်နှိုးပြီးခေါ်သွားတော့မလို့ . . မေမေက အိပ်ပါစေဆိုတာနဲ့ . . တညလုံးရေပတ်တင် အဝတ်တွေလဲနဲ့ မိုးလင်းခါနီးမှ အဖျားကျသွားတာ ''