'
'' ဒီနှစ်အိုးခွဲထားတယ် ညီ . . သဘောကျလား . .''
ထိုက်တန်ညွှန်ပြသည့် နှင်းဆီနှစ်အိုးကို ညီမင်းညိုကခေါင်းလေးငဲ့၍တစ်ချက်ငုံ့ကြည့်လိုက်ပါသည်။စိမ်းမှောင်နက်စွေးသောအရွက်တွေနဲ့ ပင်စည်ရိုးတုတ်တုတ်နှင်းဆီနှစ်အိုးက နီညိုရင့်သွေးအဖူးအငုံလေး နှစ်ငုံသုံးငုံစီနဲ့ လန်းဆန်းလို့။
'' ကျွန်တော့်မေးလို့ဘာသိမလဲ ကိုထိုက်တန်ရာ . . အစ်ကိုကောင်းမယ်ထင်လို့လုပ်ထားတာပဲဟာ . . ဒီအတိုင်းပဲယူသွားမယ်လေ . . ရှင်တော့ရှင်မှာမဟုတ်လား ''
'' အမြစ်ခိုင်အောင်အချိန်ယူပြီးတော့ပျိုးထားတာပဲ . . မသေလောက်ပါဘူး . . မြေသြဇာလေးထည့် မြေလေးစွပေါ့ ''
'' ဈေးကနေဝယ်ဝယ်လာတဲ့ပန်းအိုးတွေက ဝယ်လာတုန်းကတော့ အဖူးတွေအပွင့်တွေတသီတတန်းနဲ့ အိမ်ရောက်ပြီးတစ်ရက်နှစ်ရက်လည်းနေရော အရွက်တွေမည်း အဖူးတွေတဖြုတ်ဖြုတ်ကြွေ ခဏနေတော့ညှိုးပြီးသေကော မေမေကပန်းပင်တွေသိပ်ချစ်တာ အပင်မှာပွင့်နေတာလေးတစိမ့်စိမ့်ကြည့်ပြီး ကြည်နူးတတ်တာပါဆို အပင်တွေကသေသေကုန်တော့စိတ်ညစ်နေတာ ဒီအပင်တွေတော့ရှင်လောက်ပါတယ်နော် ''
ပြောရင်းဆိုရင်း မြေပေါ်ချထားသည့် ပန်းအိုးတစ်အိုးကိုကောက်ပွေ့လိုက်သည့်ညီမင်းညိုကို ထိုက်တန်ကသဘောတကျပြုံးငုံ့ငေးကြည့်နေမိပါသည်။
ဂျီးရောင်လိုလိုအရောင်ဆန်းဆန်းဘောင်းဘီလေးနဲ့ အစိမ်းရောင်တီရှပ်လေးက ညီမင်းညိုအသားဖြူနှစ်နှစ်လေးနဲ့ဟပ်ကာ မျက်နှာလေးကအရောင်တစ်မျိုးလေးလင်းတောက်နေပါသည်။ညီအသားဖြူတဲ့ပုံက မြတ်ခေါင်ဘုန်းတို့ ခေါင်ပုလဲတို့နဲ့မတူပါ။နှစ်ယောက်ထဲတုန်းကသိပ်မသိသာပေမယ့် ခေါင်ပုလဲပြန်ရောက်လာပြီး သုံးယောက်ဖြစ်လာတော့ ယှဉ်ပြသလိုဖြစ်ကာ ညီမင်းနဲ့ကျန်တဲ့နှစ်ယောက်က သိသိသာသာကိုကွာခြားလာပါသည်။
အသားအရေ အရပ်အမောင်းကအစ။ ခေါင်ပုလဲဟာလည်းမိန်းကလေးဖြစ်တာတောင် တော်တော်ကြီးမြင့်စွင့်နေသေးသောအရပ်နဲ့ မြတ်ခေါင်ဘုန်းဆိုတာတော့မပြောနဲ့တော့ ဘေးနားယှဉ်ရပ်မိလျင်တော်ရုံလူဟာပြတ်ထွက်ပုပြားပြီးကျန်နေခဲ့တော့သည်။သူတို့ကြားကိုရောက်နေတဲ့ ညီမင်းညိုကကျ ယောကျာ်းလေးတစ်ယောက်အတွက်မပုဘူးလို့ပြောလို့ရရုံ အကောင်သေးကွေးလေး။