'' ညီမင်း . . ဒီပိတ်ရက်ကျရင် ငါအဘွားအိမ်ကိုရောက်ဦးမှာ. . နင်လည်းလာခဲ့ပါလား . . ဟိုတနေ့ကစကားစပ်ပြီးပြောမိတာနဲ့ အဘွားကလည်း နင့်ကိုမေးနေတယ် . . မတွေ့တာကြာပြီတဲ့ . . ''
'' အဘွားက ? ငါ့ကိုမှတ်မိတယ်ပေါ့ . . ''
'' အင်း . . မှတ်မိတယ် . . တော်တော်ကိုသေသေချောချာမှတ်မိနေလို့ ငါက နင်နဲ့အရမ်းရင်းနှီးလားထင်နေတာ တစ်ခါပဲတွေ့ဖူးတာဆို ''
'' ဟုတ်တယ် အဲ့ဒီခွေးလေးလေ သူ့ကိုပြန်ပို့တုန်းကတစ်ခါပဲ အဲ့ဒီအိမ်ကိုရောက်ဖူးတာ . .''
'' ဒါပေမယ့် ငါ့အဘွားက နင့်ကိုအရမ်းဓာတ်ကျနေတာကော အဟင်းဟင်း . . အရမ်းယဉ်ကျေးလို့တဲ့ လူလေးကလည်း သန့်ပြန့်ချောမောလွန်းဆိုပဲ . . ငါတောင်မနာလိုဖြစ်သွားတယ် . . ''
ညီမင်းညို က အနည်းငယ်အနေခက်ခက်လေး ရယ်လိုက်မိပါသည် ။
သူတို့လျောက်လာသည့်ဘက်မှ ကန်ဘောင်ဘက်ခြမ်းသို့ကူးဖို့ လမ်းရှင်းမရှင်း ဘယ်ညာကြည့်မိသည့်အချိန်မှာပဲ ညီမင်းညို မြင်ကွင်းတစ်ခုကိုအာရုံရောက်သွားပါသည်။ သူတို့လျောက်လာနေသည့်လမ်းနဲ့ဆိုတည့်တည့်ကနေကန့်လန့်ဖြတ်သွားသည့်ကန်ပတ်လမ်းအတိုင်းမောင်းသွားသည့်ကားတစ်စီးဟာ မြင်ဖူးနေကျရင်းနှီးလွန်းနေသလိုမို့ သေသေချာချာလိုက်ကြည့်မိပြီးလျင် ရင်ထဲမှာဒိန်းကနဲနေအောင်ပင် ခုန်၍သွားရပါလေသည် ။
အဲ့ဒါ ကိုကို့ကားပဲ . .
မောင်းသူနေရာက ကိုကို့ကိုတော့ သူကချက်ချင်းမှတ်မိမြင်တွေ့ပြီးသားပင် . . တစ်ဖက်မှာပါလာသည့် လူက။
ကိုကို့ Showroom ဖွင့်ပွဲတုန်းကတစ်ခါတွေ့ဖူးသည့်ခပ်လှလှအစ်မကြီးကို သူကမှတ်မိနေပါသည် ။ ထက်မြက်၍ယုံကြည်မှုရှိသောဟန်က ကူညီထောက်ပံ့၍ သူမအလှက စူးရှရဲရင့်သည့်ဘက်သို့ရောက်သော အဲ့ဒီအစ်မကြီးဟာ အခုလည်းပဲ မာန်တစ်မျိုးဝင့်ချီသော ခပ်မော်မော်မျက်နှာပေးလေးနှင့်ကိုကို့ဘေးကပါသွားခဲ့တာပင် ။
ကားနောက်မြှီးလေးဝေး၍ပျောက်သွားသည်အထိ ညီမင်းညိုကလိုက်ငေးရင်း တွေးမိတွေးရာတွေးနေမိပါသည် ။