(တစ်နှစ်ကြာပြီးသော်)" ကိုကိုရေ မရောက်သေးဘူးလား။ ဒီမှာအကုန်ပြင်ဆင်ပြီးလို့ ထိုင်စောင့်နေရတာတောင်ကြာလှပါပြီဆိုမှ "
" ရောက်ပါပြီကလေးရယ်။ လမ်းထိပ်ရောက်နေပြီ။ ခဏနေအဆောင်ရှေ့ရောက်မယ်။ ဟုတ်ပြီလား "
" ခဏနေဆိုတာ နောက်နာရီဝက်လား။ တစ်နာရီလား။ ကိုကိုတို့ယောကျ်ားတွေက ယုံရတာမဟုတ်.. "
ဖုန်းပြောနေရင်းပင် အဆောင်ရှေ့ကဟွန်းတီးသံကြားလိုက်ရသည်။
ဟော.. ကိုကိုရောက်ပြီ။
အခန်းထဲနှုတ်ခမ်းစူပြီးထိုင်နေသောလုလင်ပျိုလည်း ကပြာကယာပြေးထွက်ကာကြိုဆိုလိုက်သည်။
ပြောင်လက်နေသည့်အနက်ရောင်BMWကြီးပေါ်မှဆင်းလာသော တေဇထွဋ်ခေါင်။ ကြက်သွေးရောင်ရှပ်အနီလက်ရှည်ကို စတိုင်ပန်အနက်နှင့်တွဲပြီးဝတ်ဆင်ထားပုံမှာ သေသပ်လှသည်။ ဆင်မြန်းထားသည့်အနက်ရောင်ရှူးဖိနပ်မှာပြောင်လက်နေပြီး တပ်ဆင်ထားသည့်နက်ပြာရောင်နေကာမျက်မှန်က ရှင်းသန့်သောမျက်နှာကို ပိုမိုတောက်ကြွားစေရန်အားဖြည့်ပေး၏။
အိမ်(အဆောင်)ပေါက်ဝတွင်ရပ်ငေးနေမိသောလုလင်ပျို၏ဘေးတစ်ဖက်တစ်ချက်စီတွင် မေမြတ်နှင့် ခင်သက်တို့ကလည်း ပါးစပ်အဟောင်းသားငေးကြည့်နေမိကြသည်။ အလှကျောက်ပြားလျှောက်လမ်းလေးမှ တေဇထွဋ်ခေါင်တစ်လှမ်းချင်းလျှောက်လှမ်းလာပုံမှာ ပုံမှန်သာဖြစ်သော်လည်း ပျို ၊ သက် နှင့် မြတ် တို့၏မျက်လုံးထဲတွင်တော့ အရောင်အဝါများတလက်လက်ဖြာထွက်နေသည့်နှယ်။
ခင်သက်က ပျိုနဲ့မြတ်ရဲ့ပုခုံးကိုလက်ကုတ်ကာ ခပ်တိုးတိုးမေးသည်။
" ငါတို့ အခု ပါရီကဖက်ရှင်ရှိုးကိုရောက်နေတာတော့ မဟုတ်ပါဘူးနော် "
" ဟင့်အင်း။ ငါတို့အခု လှည်းတန်းကအုတ်ခဲမရဲ့မွေးနေ့ပွဲမှာပဲရှိသေးတယ် "
မေမြတ်နှင့်ခင်သက်နှစ်ယောက်တည်း မေးရင်းဖြေရင်းပြီးသွားသည်။
လုလင်ပျိုကတော့မဖြေအားသေး။ ငမ်းနေရသည်။ ကိုယ့်ရည်းစားကိုယ်ပြန်ပြီး ရုပ်ပျက်ဆင်းပျက်ငမ်းနေသည်မှာ လုလင်ပျိုတစ်ယောက်သာရှိလိမ့်မည်။
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Teen Fictionချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?