ဆံပင်တွေကိုသေသပ်သွားအောင်ဖြီးသင်ပေးပြီးနောက် စကားအနည်းငယ်ပြောပေးရင်းအချိန်တချို့ကိုကုန်လွန်စေခဲ့သည်။
" ညနေစောင်းနေပြီအစ်ကို.. ညီမပြန်တော့မယ်နော် "
သတိုးလက်ကိုဆုပ်ကိုင်ကာ ပြုံးပြနှုတ်ဆက်ပြီးVIP Roomထဲကအထွက် ဆေးရုံကိုလိုက်လာသောတေဇကလည်း အခန်းရှေ့ရောက်လာသည်။
" မေမြတ်... ဘာမှမဖြစ်သွားဘူးမလား "
တေဇထွဋ်ခေါင်က သတိုးအကြောင်းကို ဝဠာသိသွားမှာအရမ်းစိုးရိမ်နေသည်။ ခွဲစိတ်ခန်းထဲမဝင်ခင် သတိုးပြောခဲ့တဲ့ တစ်ခုတည်းသောတောင်းဆိုမှု၊ သတိုးနဲ့သူ့ကြားက တည်ထားခဲ့သောကတိ။ ထိုကတိကို တေဇထွဋ်ခေါင် အဆုံးသတ်အထိစောင့်ထိန်းချင်လိမ့်မည်ဆိုသည်ကို မေမြတ်လည်းသိသည်။
သို့သော်..." ညီမတို့ ခဏလောက်စကားပြောရအောင်လား ကိုတေဇရယ် "
လူရှင်းသောတစ်နေရာတွင်ထိုင်ကာ သက်ပြင်းကိုယ်စီချလိုက်ကြသည်။
" ကိုဝဠာ့ကို ပြောပြသင့်ပြီလို့ထင်တယ် "
" မဖြစ်ဘူးမေမြတ်။ သတိုးက သူခွဲခန်းထဲမဝင်ခင် အလေးအနက်ကိုတောင်းဆိုသွားခဲ့တာ။ အခု သူကသတိမရှိတဲ့လူဖြစ်နေပေမယ့် အဲ့ဒီလိုဆိုတိုင်း ကိုယ်ထားခဲ့တဲ့ကတိကို လွယ်လွယ်လေးမဖျက်လိုက်နိုင်ဘူး "
" တစ်နှစ်တောင်ရှိသွားပြီ ကိုတေဇ။ ဆရာဝန်ကခြောက်လပဲကြာမှာပါလို့ ခန့်မှန်းပေးခဲ့တာ။ အခု တစ်နှစ်ဖြစ်သွားပြီ။ အားလုံးကုသလို့ပျောက်ကင်းသွားပါလျက်နဲ့၊ နောက်ဆက်တွဲရောဂါတွေလည်းဘာတစ်ခုမှမဝင်ပါပဲနဲ့၊ အခုချိန်ထိနိုးမလာသေးတာ ဘာကြောင့်လို့ထင်လဲအစ်ကို "
" အကောင်းဆုံးဆိုတဲ့အရာတွေနဲ့ သူ့ကိုကုသပေးနေတာပဲလေညီမရဲ့။ အစ်ကိုတို့ နည်းနည်းလောက်ထပ်ပြီး စောင့်ကြည့်လိုက်မယ်ဆိုရင် "
" သူက တစ်စုံတစ်ယောက်ကိုစောင့်နေတာ ဆိုရင်ရော "
မေမြတ်စကားကြောင့် တေဇမှိုင်တွေသွားမိသည်။
"ဒီခွဲစိတ်မှုပြီးသွားရင် ငါ ဝဠာ့ဆီကနေ ထာဝရလွတ်မြောက်ပါရစေ" ဆိုတဲ့ သတိုးပြောခဲ့တဲ့စကား။
"ငါအသက်ရှင်ခဲ့ရင်တောင် ဝဠာ့ကိုလုံးဝအသိမပေးပါနဲ့" ဆိုပြီး အားလုံးဆီကနေသူတောင်းဆိုခဲ့တဲ့ကတိ။ ဒီကတိကို သူတို့အားလုံးတည်ခဲ့ကြသည်။
YOU ARE READING
ခ်စ္ရပါေသာ ပ်ိဳ ~ (ချစ်ရပါသော ပျို~) [ZG/ UNI]
Genç Kurguချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံစည်းခွင့်ရှိနိုင်သလား? ချစ်ခြင်းတရားတိုင်းရဲ့အဆုံးသတ်မှာ ဆုံဆည်းခွင့်ရှိနိုင်သလား?