FTC - 34 S4

681 162 392
                                    

နှစ်ကာလ တခုတိုင်အောင် လက်တွဲလာခဲ့ကြတဲ့ ဒီတပ်သားလေးတွေ၊ အဆိုးအကောင်းမှန်သမျှကို အရွယ်နဲ့မလိုက်အောင် သည်းခံတတ်ခဲ့ကြတဲ့ ဒီကလေးတွေ၊ မိမိကို ခင်တွယ်လွန်းတဲ့ ဒီကလေးတွေကို အခုတော့ စိတ်ချလက်ချ ထားခဲ့ပြီး ပြန်လာနိုင်ဖို့ လမ်းမရှိတဲ့နေရာကို သွားရတော့မည်။ အဆိုးဝါးဆုံး အချိန်တွေမှာ အနားမှာအမြဲရှိနေပေးသည့် ဆရာရှောင်းတို့တွေကို နှုတ်ဆက်ခွင့်မရခြင်းက ဆိုးရွားလွန်းသည့် ခံစားချက်ပင်။ သတင်းကြားသွားဟန်ရှိသည့် ယွီပင်က လပ်ကီးနဲ့အတူ Bridge ရဲ့ ပြင်ပကနေ မျက်တောင်မခတ် ငေးကြည့်နေတာကို သိပေမယ့် Andy ပြန်မကြည့်မိ။ ဆက်ကြည့်နေရင် ဆက်တွေးမိပြီး သွားချင်စိတ် မရှိတော့မှာ စိုးလို့ပင်။

Ray ကမ်းပေးလာသည့် မိုက်ခရိုဖုန်းကို လှမ်းဆွဲယူလိုက်သည့် အခိုက်အတန့် ရေခဲတုံးကြီးလို အေးစက်နေသည့် Ray လက်ရဲ့ အထိအတွေ့က ဒီကလေး ဘယ်လောက်သွေးပျက်ခံစားနေရပြီလဲ Andy သိနေသည်။

"Ivan..."

"ဘယ်လိုလဲ စဉ်းစားပြီးပြီလား Admiral..။"

"မင်းတို့လာခိုင်းတဲ့နေရာကို ငါလာမယ်။ ဒါပေမဲ့ ငါ့မှာလဲ သဘောတူညီချက် တခုရှိတယ်။"

"ဟား...Admiral...။ Admiral ရဲ့ လက်၇ှိအနေအထားက ဒီလိုတွေ တောင်းဆိုခွင့်မရှိဘူးလေ။"

"မင်းမှာလဲ ငါနဲ့ယှဉ်ပြောရလောက်မယ့် အဆင့်အတန်း မရှိဘူး Ivan။ အခုလိုမျိုး မင်းလို ဘောင်မဝင်တဲ့လူတစ်ယောက်နဲ့ ကြားခံပြောရတာတောင် ငါ့ဘက်က တော်တော်လေး သိက္ခာထိခိုက်နေပြီ။ "

"Tarvo ဧည့်သည်မို့လို့ သည်းခံနေတာ စကားပြောတာ ရင့်မလာနဲ့ Admiral။"

"ဒါက စကားပြောရင့်တယ်ဆိုတဲ့ အဓိပ္ပယ်မဟုတ်ဘူး။ ရာထူးအဆင့်အတန်းနဲ့ အနေအထားတူညီမှ စကားပြောလို့ရတယ်ဆိုတဲ့ အဓိပ္ပယ်။ အဲ့ဒါကို မင်းကို သိစေချင်တာ။ ကဲ Tarvo က မင်းပြောပေးမှာလား..။ ငါ တိုက်ရိုက်ပြောရမလား။"

"ကျုပ်ပြောပေးမယ် ခင်ဗျားတောင်းဆိုချင်တာ ဘာလဲ"

"တောင်းဆိုချင်တာ မဟုတ်ဘူး သိစေချင်တာ..။ ပြောလိုက်ပါ ငါ မင်းတို့ရှိတဲ့နေရာ လာမယ်။ ဒါပေမယ့် ငါ ရောက်သွားပြီဆိုတာနဲ့ ရေတပ်ဌာနချုပ်ကို ပြန်ပေးပြီး သမ္မတကြီးကို လွှတ်ပေးရမယ်။ စဉ်းစားဦးမယ်ဆိုတဲ့ အဖြေ မလိုချင်လို့ အသိပေးပြီး ၅ မိနစ်အတွင်း ပြန်ပြောပါ။ နောက်တချက်ရှိသေးတယ် အဲ့ဒါကို မလုပ်ဘူးလို့ ငြင်းရင် ငါလဲမလာဘူး။ မင်းတို့ရော ငါတို့ရော အတူတူသေပွဲဝင်ကြတာပေါ့။ Tarvo က အဝေးမှာမို့လို့ အခုကိစ္စမှာ လွှတ်ရင်တောင် Ivan မင်းကတော့ ငါတို့ပိုင်နက်ထဲမှာ ရောက်နေတာနော်..။ တစ်ဌာနလုံးနဲ့ မင်းတို့နဲ့ဆို ဘယ်သူက ဖွတ်ဖွတ်ညက်ညက် ကြေမလဲ ငါ ပြောပြစရာလိုမယ် မထင်ဘူး။ ငါတို့တွေက အကုန်စွန့်လွှတ်တော့မယ်လို့ ဆုံးဖြတ်လိုက်ရင် ဘယ်အရာကမှ ငါတို့ကို တားနိုင်လိမ့်မှာ မဟုတ်ဘူးဆိုတာ မင်းလိုကောင်မျိုး မသိရင်တောင် Tarvo ကောင်းကောင်းသိလိမ့်မယ်။"

Follow The Command - S4Where stories live. Discover now