8_U

73.9K 7.9K 2.1K
                                    

မနက်ခင်းမှာ လွှမ်းဧရိယာ အိပ်ရာထလာတော့ သူ့ဘေးမှာ စမ်းရေအေးက မရှိတော့ပါ။ သူလည်း ချက်ချင်း အိပ်ရာထလိုက်ရသည်။
အခန်းထဲကနေ သူထွက်လာတော့ စမ်းရေအေးက အပြင်ဘက် ဝရံတာမှာ တစ်ယောက်တည်း ရပ်နေခြင်းအား သွားမြင်၏။
ဒီတော့မှ ဘာကြောင့်မှန်း မသိဘဲ သက်ပြင်းချမိသွားရသည်။ အနားမှာ မရှိဘဲ ပျောက်နေခြင်းက သူ့ကို အနည်းငယ် လန့်သွားစေခဲ့တာတော့  ဝန်ခံပါသည်။

“ဘာလုပ်နေတာလဲ အဲ့မှာ ...”

သူခေါ် နေခြင်းကို စမ်းရေအေးက မကြားဘူး ထင်သည်။ လှည့်မကြည့်ပေ။ အနီးကပ်ထိ သွားပြီး ပုခုံးပုတ်လိုက်တော့မှ လန့်ဖျပ်ပြီး စမ်းရေအေးက ရှောင်လိုက်လေသည်။ ခြေခေါက်ပြီး နောက်လန်ကျကာ လဲမလိုဖြစ်သွားတော့မှ လွှမ်းက သူ့ခါးလေးကို လက်တစ်ဖက်နဲ့ ဆွဲထိန်းပေးထားလိုက်ရသည်။

အဖြစ်အပျက်နဲ့ အထိအတွေ့က ခဏလေးဆိုပေမဲ့ နှစ်ယောက်လုံး ကြောင်ပြီး ငေးကြည့်နေမိတာက အချိန်တစ်ခုထိ ရှိသွားသည်။
အနီးကပ် အပေါ်စီးကနေ မြင်နေရသည့် စမ်းရေအေး မျက်တောင်ရှည်တွေက သိပ်လှ၏။ သို့ပေမဲ့ ထိုမျက်တောင်ရှည်တွေကို မြင်ရတိုင်း သူ့စိတ်ထဲမှာ ကျင်ကနဲ ဖြစ်သွားတတ်သည်။

ထို့အပြင် ဒီအခိုက်အတန့်ကြောင့် ရင်ထဲမှာ တစ်ချက် လှုပ်ခတ်သွားသေးသည်။ ဒါက ဘယ်လို ခံစားချက်လဲဆိုတာ လွှမ်းဧရိယာ ကောင်းကောင်းသိသည်။ တစ်စုံတစ်ယောက် အတွက်နဲ့ ဒီလိုမျိုး ထပ်ပြီး သူရင်မခုန်မိတော့တာ ကြာနေပြီ ဖြစ်သည်။ သူ့ရဲ့ လိင်စိတ် တိမ်းညွတ်မှုကို တစ်ခါမှတော့ သံသယ မဝင်ခဲ့ဖူးပေမဲ့ အခုတော့ သံသယ ဝင်ရတော့မည်။

သူ့ကို ခဏတာလေး ရင်ခုန်သွားစေသော သူ့လက်ထဲမှ လူသားသည် ယောက်ျားတစ်ယောက် ဖြစ်နေခဲ့သည်။ သူ့နှလုံးသားက စမ်းရေအေးဆိုသော ယောက်ျားတစ်‌ေယာက်ကြောင့် လှုပ်ရှားစ ပြုလာလေပြီလား။

“ခင်ဗျား နားကြပ်တွေရော ...”

နားထဲမှာ တပ်ထားတာ မတွေ့မိ၍ ခြေဟန်လက်ဟန်နဲ့ သူမေးလိုက်မိရသည်။ ခါးကို ဖက်ထားခြင်းကိုလည်း လွှတ်ပေးလိုက်မိသည်။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now