10_U

81.4K 7.1K 897
                                    

စမ်းရေအေး အိပ်ရာကနေ နိုးလာတော့ မနက်(၆)နာရီ။ ဒါက ပုံမှန် သူအိပ်ရာထသော အချိန် ဖြစ်သည်။ မျက်နှာသစ် သွားတိုက်ပြီး သူ့နားကြပ်လေးကိုလည်း သန့်ရှင်းရေး လုပ်လိုက်သေးသည်။ သူ့အိမ်မှာတုန်းကတော့ မနက်ခင်း နိုးလာသည်နှင့် ဘုရားဆွမ်းတော်ကပ်ရန် ပြင်ဆင်ပြီး ဘုရားရှိခိုးတတ်သည်။

လွှမ်းဧရိယာနဲ့ လိုက်လာခဲ့ပြီးသည့် နောက်ပိုင်းမှာ ဘုရားရှိခိုးရန် ကိစ္စတွေကို သူ မလုပ်ဖြစ်။ တိုက်ခန်းမှာ နေခဲ့သည့် တစ်ရက် နှစ်ရက်တုန်းကလည်း သူ့မှာ မနက်ရော ညရော ဘုရား မရှိခိုးဖြစ်ပါ။ ဘုရားစင်လည်း မရှိတာကြောင့် မနက်ခင်းပိုင်း ဝရံတာဘက် ထွက်ရပ်၍သာ ဘုရားစာ ရွတ်ခဲ့ရဖူးသည်။

သည်အိမ်မှာ ညအိပ်ပြန်တော့လည်း လွှမ်းဧရိယာကြောင့် သူ ညပိုင်း ဘုရားရှိခိုးရန် မေ့သွားရပြန်သည်။ ညက အချိန် တော်တော်ကြာသည် အထိ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ခဲ့ရသည်။

နေရာအသစ်မို့ အိပ်မပျော်တာက တစ်ကြောင်း။ လွှမ်းဧရိယာက သူ့ကို မျက်စိ‌မှိတ်ခွင့် မပေးခဲ့တာက တစ်ကြောင်း။ အကြောင်းကြောင်းနဲ့ ညနက်မှ အိပ်ဖြစ်ခဲ့ရသည်။ ပင်ပန်းလို့ အနားယူချင်လှပါပြီ ဆိုပြီး အလျင် ပြောခဲ့သည့် လွှမ်းဧရိယာက တကယ်တမ်းကျတော့ တော်တော်နဲ့ မအိပ်ပေ။ စမ်းရေအေးကိုသာ ငေးမောကြည့်နေခဲ့တာ ဖြစ်သည်။

ဒါက ရင်ခုန်ဖွယ်ရာတော့ ကောင်းလှပါ၏။ သာမန်ထက် ပိုကဲသော ရုပ်ရည်ချောမောမှုမျိုးကို ပိုင်ဆိုင်ထားသည့် လွှမ်းဧရိယာလို ကောင်လေးက သူ့ကို တစိမ့်စိမ့် ငေးကြည့်နေခဲ့ခြင်း။ ဘယ်လိုပင် ယောက်ျားစစ်စစ်ပါဟု စမ်းရေအေး သူ့ကိုယ်သူ သတ်မှတ်ထားပါစေ။ သည်ကောင်လေးကြောင့်နဲ့ ရင်ခုန်စရာတွေ ဖြစ်လာရသည့် အကြိမ်ရေက တစ်ခါတစ်ရံ မဟုတ်တော့ပါ။

ညတုန်းကလည်း မအိပ်ခင်လေးမှာ လွှမ်းဧရိယာက သူ့မိသားစုဝင်တွေ အကြောင်းကို အစုံအစိ ပြောပြခဲ့သေးသည်။

“ကျွန်တော့်အဘွားမှာ သားသမီး လေးယောက် ရှိတယ်။ ယောက်ျားလေး နှစ်ယောက်၊ မိန်းကလေး နှစ်ယောက်။ ကျွန်တော့်အဖေက သားအကြီးဆုံး၊ ဆုံးသွားတဲ့ ဦးလေးက အငယ်ဆုံးသားပေါ့။
ကျွန်တော်တို့ အဘွားက သူ့ကို အသက်တော်တော်ကြီးမှ နောက်ဆုံး မွေးထားတာလေ။ အဲဒါကြောင့် အပေါ်က အကြီးတွေနဲ့ ဦးငယ်နဲ့က အသက်တွေ အများကြီး ကွာတယ်။
ကျွန်တော်နဲ့တောင် ဦးငယ်က ဆယ်နှစ်၊ ဆယ်နှစ်ကျော်လောက်လေးပဲ ကွာတာ။ ညက ကျွန်တော့်ကို ထအော်တဲ့ လူကြီးကို သိတယ် မဟုတ်လား။ အဲဒါ ကျွန်တော့်အဖေပဲ။”

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now