"ဘယ်သူနဲ့ သွားတွေ့မှာ ..."
"ကိုရန်မိုးထွဋ် မိန်းမပါ ..."
အစ်မနှင်းဆီနဲ့ သွားတွေ့ရန် ယောက်ျားဖြစ်သူကို အရင်ဆုံး စမ်းရေအေး ခွင့်တောင်းမိရသည်။ အခုနောက်ပိုင်း လွှမ်းငယ် မသိဘဲ သူဘာမှ မလုပ်တော့ပါ။
"သူက ဘာလို့လဲ ..."
"ကိုယ်လည်း သေချာမသိဘူး ...တွေ့ပြီး ပြောစရာရှိတယ်လို့ပဲ ပြောလာတာ ..."
"ရေအေးလေးက သွားတွေ့ချင်တယ် မဟုတ်လား ..."
"အင်း ...သူ ဘာပြောမှာလဲ သိချင်တယ် ...ပြီးတော့ အစ်မနှင်းဆီက သဘောကောင်းပြီး အေးအေးဆေးဆေး နေတတ်တဲ့ အမျိုးသမီးပါ ...သူဘာလို့ တကူးတကကြီး ချိန်းဆိုရသလဲဆိုတာ အကြောင်းအရင်းတော့ ရှိမှာပဲလေ ...အဲဒါကြောင့် ကိုယ်သွားတွေ့ချင်တယ် ..."
လွှမ်းဧရိယာ တစ်ချက် စဉ်းစားလိုက်ပြီးမှ ...
"ကောင်းပြီလေ ...သွားပါ ...ကျွန်တော်လိုက်ပို့ပေးမယ် ..."
"ကျေးဇူးတင်ပါတယ် လွှမ်းငယ် ..."
အစ်မနှင်းဆီနဲ့ ချိန်းဆိုထားသည့် ဆိုင်တစ်ဆိုင်သို့ လွှမ်းငယ်က ကားမောင်းပြီး သူ့ကို လိုက်ပို့ပေးခဲ့လေသည်။
"ကျွန်တော် ကားထဲမှာပဲ စောင့်နေလိုက်မယ် ...ရေအေးလေး စကားပြောပြီးရင် ပြန်လာခဲ့လေ ..."
"မင်း အချိန်ရလို့လား ..."
"ရပါတယ် ...ရေအေးလေးကို တစ်ယောက်တည်း မထားခဲ့ချင်လို့ ...စိတ်မချဘူး ..."
လွှမ်းငယ် စကားကြောင့် သူပြုံးမိရသည်။
"ဒါဆို မြန်မြန် ပြန်လာခဲ့မယ်နော် ...စောင့်နေ ..."
"အင်းပါ သွား သွား ..."
လွှမ်းငယ်ကို ထားခဲ့ပြီး သူတစ်ယောက်တည်း ဆိုင်ထဲ ဝင်လာလိုက်သည်။ တိတ်ဆိတ်၍ လူရှင်းသော ကော်ဖီဆိုင်လေးထဲမှ ထောင့်ကျကျ စားပွဲတစ်လုံးတွင် အစ်မနှင်းဆီ တစ်ယောက်တည်း ထိုင်နေလေ၏။
အစ်မနှင်းဆီက သူ့ကို မြင်တဲ့အခါ ပြုံးပြနေသည်။ သူ(မ) အပြုံးတွေက အနည်းငယ် မှေးမှိန်နေသယောင်ပင်။"မတွေ့တာ ကြာပြီနော် မောင်လေး ..."
"ဟုတ်တယ် အစ်မ ..."
YOU ARE READING
အကြင်နာပေးမဲ့ ဧရိယာ