18_U

79K 7.7K 1.2K
                                    

စမ်းရေအေးကို ပြန်အပ်မည့် ကိစ္စအား လွှမ်းဧရိယာက ဒေါ်လေးငယ်နဲ့သာ တိုင်ပင်ဖြစ်သည်။ သူ့ဘက်မှ လူကြီးနေရာအတွက် ဒေါ်လေးငယ်တစ်ယောက်မှ လွဲ၍ ဘယ်သူ့ကိုမှ ခေါ်သွားဖို့ မစဉ်းစားထားခဲ့။ သူ့အဖေ၊ သူ့အဘွား၊ ဘယ်သူကမှ သူတို့နဲ့အတူ လိုက်ပေးမှာ မဟုတ်မှန်းလည်း သိနေ၏။

သူ အသိမပေးလည်း ဒေါ်လေးငယ်ဆီကနေ တစ်ဆင့် အိမ်မှ လူတွေ သိသွားကြပုံရသည်။ လွှမ်းအဖေကတော့ ဘာတစ်ခုမှ မပြောပေ။ ဂရုလည်း စိုက်ပုံမရ။ အရေးမပါ အရာမရောက်မှု တစ်ခုလိုပဲ သဘောထားနေပုံရသည်။ ဘွားဘွား ဒေါ်မြသစ်မာလာကတော့ ထမင်းစားဝိုင်းမှာ ဆုံခိုက် သူတို့ကို ပြောလာခဲ့သေးသည်။

“အချိန်တန်ရင် ကွာရှင်းကြမဲ့ဟာကို ဘာလို့ မလိုအပ်တာတွေ လုပ်နေကြဦးမှာလဲ။”

“ကျွန်တော်တို့ ဘယ်တော့မှ မကွာဘူး။”

လွှမ်းကလည်း မခံဘဲ ပြန်ပြောတတ်သည်။ ဘွားဘွားကတော့ သူတို့ကို ယုံကြည်ပုံမရပါ။

“ငါစောင့်ကြည့်နေတယ်။ မင်းတို့ ဘယ်အချိန် လမ်းခွဲကြမလဲဆိုတာ၊
အစတည်းက ချစ်လို့ ကြိုက်လို့ ယူထားကြတာမှ မဟုတ်တာ။
ဓားခုတ်ရာ လက်ဝင်လျှိုပြီး မတော်တဆ ညားထားကြတဲ့သူတွေပဲ။
မင်းလည်း ဒီအိမ်ကို အရွဲ့တိုက်ပြီး လုပ်ခဲ့တာလည်း ပါတာပဲ မဟုတ်လား။”

လွှမ်းက ဒီလို စကားမျိုးတွေကို စမ်းရေအေး အရှေ့မှာ မပြောစေလိုတာ အမှန်ပင်။ စမ်းရေအေး မျက်နှာကိုသာ လှမ်းကြည့်နေမိရသည်။ စမ်းရေအေးကတော့ ဘာမှမပြောဘဲ ခေါင်းငုံ့၍သာ ထမင်းစားနေခဲ့သည်။

“ကျွန်တော် သူ့ကို ချစ်လို့ ယူထားတာ ဘွားဘွား၊ ကျွန်တော် ဒီတစ်ခါတော့ အရွဲ့တိုက်ပြီး လုပ်ခဲ့တာမျိုး မဟုတ်ဘူး။”

“ငါယုံလောက်မဲ့ သက်သေလည်း မမြင်မိသေးဘူး။ မင်းသူ့ကို ဘာရည်ရွယ်ချက်နဲ့ပဲ ယူထား ယူထား၊ ဟိုတစ်ယောက်ကို မမေ့နိုင်သေးဘူးဆိုတာ ငါကောင်းကောင်းသိတယ်။”

“ဘွားဘွား ...”

လွှမ်းက အဘွားဖြစ်သူကို အသံကျယ်ကျယ်နဲ့ ပြန်အော်မိသွားရသည်။ စမ်းရေအေး အရှေ့မှာ ထိုမိန်းမ အကြောင်းတွေအား သူ မပြောချင်ပါ။
ကြားလည်း မကြားစေချင်သလို သိလည်း မသိစေချင်ပေ။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now