17_U

81.7K 7.8K 991
                                    

သည်နေ့တော့ ဖြိုးကုဋေဆီသို့ လွှမ်းဧရိယာ ရောက်လာဖြစ်ခဲ့သည်။ ဖြိုးကုဋေက မိန်းမရပြီးနောက်မှ ဖုန်းအရောင်းဆိုင် တစ်ခုကို ဖွင့်ထားလေသည်။ မိန်းမရသွားတော့ အလျင်လို အလေလိုက်ရန်က မဖြစ်နိုင်တော့။ မိန်းမကလည်း ဗိုက်နဲ့ ဖြစ်နေ၍ ကုဋေတို့ အလုပ် အတည်တကျ လုပ်နေတော့၏။

သူ့အဖေရဲ့ စက်ရုံမှာလည်း ဝင်မလုပ်ချင်။ အမေနဲ့အတူ စီးပွားရှာဖို့ကလည်း သူနဲ့မကိုက်။ နောက်ဆုံးတော့ ဖုန်းအရောင်းဆိုင်သာ ဖွင့်ဖြစ်သည်။ မိဘအိမ်မှ ပိုက်ဆံတချို့နှင့် လွှမ်းဆီကနေ တချို့တလေ သူချေးသည်။ သည်လူတွေက အတိုးပြန်မပေးရတဲ့ လူတွေ ဖြစ်၍ ဖြိုးကုဋေတို့ အတွက်ကတော့ ရင်မောစရာ မရှိ။ ယူထားသည့် ပိုက်ဆံတွေကို လတိုင်း ပြန်ဖဲ့ဆပ်နိုင်လျှင် ဖြစ်သည်။

လွှမ်းက သူငယ်ချင်းဖြစ်သူကို ဆိုင်အထိ လာတွေ့မိရသည်။ ပြောစရာတွေလည်း ရှိနေပြီး သူတို့ သေချာ မဆုံဖြစ်ကြတာလည်း အတော်ကြာပါပြီ။ ကိုယ်စီ အိမ်ထောင်ကျသွားပြီးနောက် နှစ်ယောက်သား အရင်လို တပူးပူး တတွဲတွဲလည်း သိပ်မရှိကြတော့ပေ။

“ဪ ငါသက်ရှိထင်ရှား ရှိနေသေးတာကို မင်း သတိတော့ ရသားပဲ။”

လွှမ်းကို မြင်တာနဲ့ ကုဋေက ဦးအောင် ဆော်လေသည်။

“မင်းရော ဘာထူးလို့လဲ။ ငါ့ဆီ ဖုန်းလေးဘာလေး ဆက်ပြီး ခေါ်ချိန်းဖို့တောင် သတိမရဘူး မဟုတ်လား။”

“ဟ ...ငါက အခု အလုပ်နဲ့ အကိုင်နဲ့ ဖြစ်နေပြီလေကွာ။ မိန်းမကလည်း ဗိုက်နဲ့၊ မင်းနဲ့ အရင်ကလို ကလပ်လေး တက်လိုက် လျှောက်ပြီး အလေလိုက်လိုက် လုပ်နေလို့မှ မရတော့တာ။”

“ငါလည်း ဘာထူးလို့လဲ။ အလုပ်တွေ များနေတဲ့ဟာကို။”

သူတို့ နှစ်ယောက် ဆိုင်ထဲမှ နားနေခန်းထောင့် စားပွဲလေးတွင် ထိုင်နေဖြစ်ကြသည်။ ဆိုင်ဝန်ထမ်း နှစ်ယောက် သုံးယောက်လောက် ရှိပေမဲ့ အားလုံးက သူ့အလုပ်နဲ့ သူတွေပင်။ ဆိုင်က အတော်လေး ကျယ်လှပြီး ဖုန်းမော်ဒယ်မျိုးစံုနဲ့ ဆက်စပ်ပစ္စည်း အမျိုးအစား အစုံလည်း တင်ရောင်းထား‌ေသးသည်။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now