အိမ်ပြန်ရောက်လာကြတော့ လွှမ်းဧရိယာက အရှေ့ဆုံးကနေ အိမ်ထဲ ဝင်သွားသည်။ အရပ်ကရှည်ရှည် ခြေလှမ်းကလည်းကျဲကျဲ။
စိတ်ဆိုးမာန်ဆိုးကလည်း ဖြစ်နေသည်မို့ အလျင်က မြန်နေ၏။"သား ...စမ်းရေအေး ...အခန်းထဲ မသွားရင် မသွားနဲ့ဦး ...
လွှမ်းလေးနဲ့ စကားများနေရဦးမယ် ..."ဒေါ်လေးငယ်က စမ်းရေအေးကို စိတ်ပူသလို ပြောလာသည်။
မပူလို့လည်း မရ။ လွှမ်းဧရိယာ ပုံစံက ဒီအတိုင်း ငြိမ်နေမှာမျိုးမှ မဟုတ်ဘဲ။"ဟုတ်တယ်သား ...အန်တီတို့နဲ့ အောက်ထပ်မှာပဲ ခဏနေနေလိုက်ဦး ...
သူ ဒေါသလျော့သွားအောင် အချိန်ခဏလေး စောင့်ပြီးမှ တက်သွားလိုက်ပါလား ..."ဒေါ်နဒီသွေးကလည်း စမ်းရေအေးကို မသွားစေလိုပါ။
"ကျွန်တော် တက်မသွားရင် သူဆင်းလာမှာ ...လွှမ်းငယ်အကြောင်း ကျွန်တော်သိတယ် ..."
အနောက်ကနေ လိုက်မသွားမိရင် သူ့ကို ပို၍ ဒေါသထွက်နေဦးမည် မဟုတ်လား။
"လွှမ်းလေးနဲ့ ရန်ဖြစ်ခဲ့တဲ့ တစ်ယောက်က သားနဲ့ အရင်က ရည်ငံခဲ့ဖူးတာတော့ မဟုတ်ဘူးမို့လား ..."
"မဟုတ်ပါဘူး ဒေါ်လေး ...ကျွန်တော်တို့ ဘာပတ်သက်မှုမှ မရှိခဲ့ပါဘူး ..."
"ဒေါ်လေးလည်း ထင်တော့ ထင်ပါတယ်ကွယ် ...ဒါပေမဲ့ လွှမ်းလေးက အရမ်း သဝန်တိုနေတဲ့ပုံစံ ပေါက်နေလို့လေ ...ပြီးတော့ ဟိုကောင်လေးကလည်း သားကို တော်တော်မျက်စိကျနေတဲ့ပုံ ...
အဲဒါကြောင့် မေးကြည့်တာပါ ...အရင်ကများ ပတ်သက်ခဲ့မိလို့လားလို့ ...""အဲလိုမျိုးတော့ မဟုတ်ပါဘူး ...ဒါပေမဲ့ သူက ကျွန်တော့်ကို ..."
ကျွန်တော့်ကို အငယ်အနှောင်း ဖြစ်စေချင်ခဲ့တာ ဆိုသော စကားတွေကိုတော့ စမ်းရေအေး ပါးစပ်က မထွက်နိုင်ခဲ့ပေ။
ဒေါ်နဒီသွေးက သူထုတ်မပြောနိုင် ဖြစ်နေတဲ့ အမူအရာကို သတိထားမိပြီး ..."ဘာပဲဖြစ်ဖြစ် တစ်ချိန်မှာ ပြီးခဲ့ပြီးသားတွေ မဟုတ်လား ...ထားလိုက်တော့ သား ...အန်တီတို့ကို အသေးစိတ် ပြောပြနေစရာ မလိုပါဘူး ...
အဲဒီ့ကောင်လေးကလည်း မှားတာပါပဲ ...အိမ်ထောင်ရှိ ယောက်ျားတစ်ယောက်ကို သူက ဘာလို့ မျှော်လင့်နေသေးလဲ ..."
YOU ARE READING
အကြင်နာပေးမဲ့ ဧရိယာ