" မိန်းကလေးဟွား .. ရှင်နေခဲ့မှာ သေချာရဲ့လား ? " မိန်ချင်းချင်းက အထူးအဆန်းဖြစ်ဟန်ဖြင့် မေးလိုက်၏ ။ မို့ယောင်အနားတွင် အမြဲလိုလိုတွဲကပ်နေတတ်သည့် သူမက ယခု တစ်ယောက်တည်း ကျန်နေခဲ့ဖို့ ဆန္ဒရှိနေလေသည် ။ ဟွားရန်သည် စိတ်ထဲတွင် မည်မျှ ခံပြင်းနေစေခဲ့ဦးတော့ သူမ၏ မျက်နှာတွင် အခြားအမှုအရာတစ်ခု ပြုလုပ်နိုင်ခဲ့သေးသည် ။ သူမက ယုလန်အား မနာလိုဖြစ်နေသည့် မျက်နှာထားဖြင့် ပြန်ဖြေလိုက်၏ ။ " ဒီခရီးက ယုလန်ရဲ့ ရောဂါအတွက်လေ .. ငါက ပြိုင်ဘက်ကို ကူညီနိုင်လောက်တဲ့အထိ စိတ်ထား မဖြူစင်နိုင်ပါဘူး .. နင်တို့ဘဲ သူတော်ကောင်း လုပ်ကြ "
ဟွားရန်၏ စိတ်အခြေအနေပြောင်းလဲသွားကြောင်း မသိလိုက်ကြသည့် သူများ၏ အမြင်တွင် သူမသည် တည့်တိုးဆန်ပြီး ပွင့်လင်းရိုးသားသည့် မိန်းမတစ်ယောက်ဖြစ်နေဆဲ ။ သူမ စကားကြောင့် မည်သူမှ သူမအား ထပ်မံမတိုက်တွန်းကြချေ ။ ဟွားရန်ကဲ့သို့ ထုတ်မပြောသော်ငြား သူတို့၏ စိတ်ထဲတွင်လည်း ထိုကဲ့သို့ ကသိကအောက်ဖြစ်နေကြခြင်းပင် ။
မို့ယောင်၏ အကြည့်က ထူးမခြားနားသာ ။ သူက ဟွားရန်အား ဂရုမစိုက်သည်မှာ သိသာလှသည် ။ လူတိုင်း ထွက်သွားချိန်တွင် ဟွားရန်သည် အပြင်သို့ ထွက်သွားပြီး ခနအကြာ အခန်းတွင်းသို့ တိတ်တဆိတ်ပြန်လာခဲ့သည် ။ အခန်းထဲသို့ ရောက်ချိန်တွင် မကောင်းသည့် အငွေ့အသက်များ ပြည့်နှက်နေသည့် ပစ္စည်းမျိုးစုံအား အခန်းတွင်း ဖြန့်ကျက်လိုက်သည် ။
ဆင့်ခေါ်ခြင်း အစီအရင် !
အမှောင်စွမ်းအင်ကို ကျင့်ကြံသည့် သူများသည် တပါးသူ၏ စိတ်ရိုင်းထဲကိုလည်း ဝင်ရောက်တတ်ကြသည် ။ စိတ်ရိုင်းများက ပိုနက်ရှိုင်းလေ သူတို့အတွက် ပိုအားကောင်းလေပင် ။ သာမန်ကျင့်ကြံသူ အများစုက နတ်ဆိုးများကို မကြိုက်ရခြင်းသည် ထိုအကြောင်းအရင်းကြောင့် ဖြစ်သည် ။ လူတိုင်း၏ စိတ်အခြေအနေသည် အမြဲမတည်ငြိမ်နိုင်ပေ ။ တိုက်ပွဲတွင်း တစ်ချက်စိတ်လွတ်သွားသည်နဲ့ နတ်ဆိုးကျင့်ကြံသူများ၏ လွမ်းမိုးခြင်းကို ခံရပြီး အဆုံးသတ်ရမည်ပင် ။ လူတို့သည် သူတို့ မတတ်နိုင်သည့် အရာများကို မနှစ်မျို့ခြင်းက ပုံမှန်သာ။
VOUS LISEZ
Roman d'amour" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " ( AN /MC Gong ပါ )