Shun ၏ အသိစိတ်သည် ယခုအချိန်တွင် အမှောင်ထုထဲသို့ ကျရောက်နေခဲ့သည် ။ ခြေလှမ်းများကို ဦးတည်ရာမဲ့စွာ လျှောက်လမ်းနေရင်း အလင်းရောင်ဖျဖျကို တွေ့လိုက်ရသည် ။ အလင်းရောင်၏ အခြားတစ်ဖက်သည် သူရောက်နေသည့် အမှောင်ထုနှင့် လုံးဝကွာခြားနေပြီး နွေးထွေးပျော်ရွင်ဖွယ် အငွေ့အသက်များနှင့် ပြည့်နှက်နေသည် ။
သူ့လက်ကို အရှေ့သို့ ဆန့်လိုက်သည့်အခါတွင် လက်သည် အမှောင်ထုကို ဖြတ်ကျော်သွားခဲ့သည် ။ အမှောင်ထုထဲမှ ထွက်ကာ ထိုနေရာသို့ သွားလိုက်သည် ။ စူးရှသည့်အလင်းက မျက်လုံးထံသို့ ဦးတည်လာသောကြောင့် မျက်လုံးတို့ကို မှိတ်လိုက်ရသည် ။
" ရှန်း.. ရှန်း ဒီနေ့ကျွန်တော့်ကို အပြင်လိုက်ပို့မယ်လို့ ကတိပေးထားတယ်လေ .."
မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က သူ့လက်အား ဆွဲယမ်းနေသည့် ကောင်လေးတစ်ယောက်ကိုပင်။ အပြစ်ကင်းစင်စွာပြုံးနေသည့် ကောင်လေးသည် သူ့အား မျှော်လင့်ချက်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။ ထိုကောင်လေးအား ကြည့်ရင်း မျက်ဝန်းထဲတွင် တုန်လှုပ်မှုတို့ ထင်ဟပ်လာခဲ့သည် ။
" မင်း .. မင်း ဘာမှမဖြစ်ဘူးနော် "
နားမလည်စွာ မော့ကြည့်လာသည့် ကောင်လေး၏ ပါးပြင်အား ထိရန် ပြင်နေသည့် လက်ထိပ်လေးများသည် တုန်ယင်နေခဲ့သည် ။ သူထိလိုက်လျှင် ပျောက်သွားမလား မသိနိုင်တာမို့ မဝံ့မရဲ ဖြစ်နေခြင်းဆိုလျှင် ပိုမှန်ပေလိမ့်မည် ။ လက်ဖျားမှ ပါးပြင်အိအိ၏ အထိအတွေ့ ကြောင့် အသက်ပြင်းပြင်းရှုလိုက်ပြီး ပြုံးလိုက်ကာ ကောင်လေးအား တင်းကြပ်စွာ ပွေ့ ဖက်လိုက်သည် ။
သူ့ပွေ့ ဖက်မှုကြောင့် တောင့်တင်းသွားသည့် ခန္ဓာကိုယ်လေးနဲ့အတူ သူ့အား ပြန်လည်ဖက်တွယ်လာသည့် လက်များ၏ အထိအတွေ့ အား ခံစားမိလိုက်သည် ။
" ဘာဖြစ်လို့လဲဟင် .. အဆင်ပြေရဲ့လား .. " တိုးဖျော့ဖျော့ ပြောလာသည့် အသံလေးအား ခေါင်းတစ်ချက်ညိတ်ကာ တုန့်ပြန်လိုက်ပြီး
" အင်း .. ဒီနေ့ အိမ်မှာ အကိုနဲ့အတူ အဖော်ပြုပေး "
" ဟင်! " မယုံကြည်နိုင်သည့် အသံလေးဖြင့် မေးလာပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ သူ့အား ကြည့်လာသည့် ကောင်လေး၏ ခေါင်းလေးအား ခပ်ဖွဖွပုတ်လိုက်သည်။ " အပြင်ဘဲသွားချင်ရင်လည်း သဘောလေ .."
YOU ARE READING
Romance" ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် " ( AN /MC Gong ပါ )