Part-15🎭

1.5K 107 5
                                    

Unicode;;;;

တက္ကသိုလ်မြေကြီးသည် အေးမြသည်။ ရှင်းသန့်သည်။
အမှတ်တရကောင်းများစွာကို ဖန်တီးနိုင်သည့် နေရာလည်းဖြစ်ပေသည်။

သစ်ရိပ်၊ဝါးရိပ်နဲ့ အေးချမ်းတဲ့ တက္ကသိုလ်မြေကြီးထဲတွင် အရောင်သွေးစုံတဲ့ အချစ်ပန်းမျိုးစုံသည် ဖူးပွင့်မြဲ၊ ဖူးပွင့်ဆဲ။

အဆောင်နေကျောင်းသားမဟုတ်ပေမဲ့ ခတစ်ယောက် ယနေ့ကျောင်းကို စောစောရောက်နေ၏။ ရွှေခြည်၊ငွေခြည်တို့ တိမ်တောင်ခွန်း၍ ဖြန့်ကျက်ခါစ ၇နာရီခွဲလောက်ဖြစ်သည်။

ကျောင်းထဲ၀င်လာလိုက်သည်နှင့် မြင်ရသော ပင်မလေးထပ်ဆောင်ကနေ ဘယ်ဖက်ကို ချိုးကွေ့ပြီး ခသည် စိတ်လှုပ်ရှားတာလျော့နည်းအောင် တက္ကသိုလ်အတွင်း ခြေချင်းလှိမ်နေ အောင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။

သူဒီနေ့ ဇွဲကို ချိန်းထားသည်။

ဇွဲအနား ယမုံနဲ့ ဆွေတို့က အမြဲတပူးတွဲတွဲမို့ ခအတွက် သီးသန့် အချိန်မရ။ နိုင်က ဆွေကို ခေါ်ထုတ်သွားလျှင်တောင် ယမုံကတော့ ပေကပ်ကပ်ကျန်ခဲ့မြဲ။ ထို့ကြောင့် ဇွဲအနားချင်းကပ်ဖို့ အခွင့်မသာ။

ခသည် မြန်မာ့မှုကို ချစ်တဲ့ ဇွဲအမြင် အေးနေအောင် ယောပုဆိုးအနက်နဲ့ ရှပ်လက်ရှည်ကိုသာ ယဉ်စွာတွဲ၀တ်ထားသည်။ အစကနဦးတုန်းက တိုက်ပုံပင် ကောက်၀တ်လာတော့မလိုဘဲ။
ဈေးချိုထိသွားပြီး တိုက်ပုံရောင်စုံ၊ ချည်သားပုဆိုးရောင်စုံ၊ ရှပ်ရောင်စုံကို ပြေးဝယ်ခဲ့သည်ကို တွေးမိ၍ ရှက်အေးအေးပြုံးမိပြန်သည်။

စိတ်လှုပ်ရှားကာ ခြေဖျားလက်ဖျားများပင် အတော်အေးနေသည်။ ယနေ့ ခအတွက် ရတနာပုံသည် ခါတိုင်းနှင့်မတူဘဲ တစ်မျိုးတစ်မည်လေးဖြစ်နေသည်။ စိတ်သက်သာစေရန် သက်ပြင်းရှည်ကိုချမိနေသည်လည်း ထပ်ခါထပ်ခါ။

ခသည် ရှမ်းတောင်တန်းများဖက်ကိုလည်း ငေးငေးငိုင်ငိုင်။ ဇွဲအလာကိုလည်း လည်တဆန့်ဆန့်။ ထိုင်ကာမျှော်လည်း အဆင်မပြေ။ ထကာမျှော်လည်း မောရပြန်သည်။

လေညှင်းကလည်း တသုန်သုန်။ စိတ်ကဆောင်၍ဘဲလားမသိလေညှင်းထဲ ဇွဲ၏ ကိုယ်သင်းနံ့ကဲ့သို ကံ့ကော်လိုလို အနံ့နဲ့ ကလေးပေါင်ဒါနံ့လေး ရောကာပါလာလေသလားထင်ရသည်။

Pyit Taing HtaungWhere stories live. Discover now