Part-30🎭

1.8K 77 22
                                    

Unicode:::::::::

"အိမ်ရှင်တို့...အိမ်ရှင်တို့....ဒါကိုဖိုးဌေးရဲ့ အိမ်လားခင်ဗျ"

မြက်နုတ်ပေါင်းသင်နေသူ အမေအိုသည် ခြံတံခါးကို လာဖွင့်ပေးပြီး "ဟုတ်ပါတယ်။ ဖိုးဌေးအိမ်ပါဘဲ။ ဖိုးဌေးတစ်ယောက်မရှိတော့တာ တစ်ခုဘဲ" လို့ကြေကွဲစွာပြောလာသည်။

"ဟုတ် ကျွန်တော်က ဖိုးဌေးရဲ့ အသိပါ။ အိမ်ထဲ ၀င်လို့ရမလား"

"ရတယ် ရတယ်။ သားရဲ့အသိဘဲ လာပါလာပါ"

ခပ်အက်အက်လေးပြုံးနေသည့် အမေအို၏ အပြုံးတွေသည် အသက်မ၀င်လှပါ။ အမေအိုသည် ကို‌ဖိုးဌေး၏ မိခင်ဖြစ်လိမ့်မည်။ နိုင်သည် အမေအိုနောက်မှ ခပ်ဖြေးဖြေးလိုက်၍၀င်သွားသည်။ ဧည့်ခန်းကစတီခုံပေါ်တွင် ကလေးမတစ်ယောက်နဲ့ ပုံဆွဲနေသည့် အဖိုးအိုသည် နိုင်ကို မော့ကြည့်လာသည်။

"သားရဲ့ အသိတဲ့ ရှင်ရယ်"

အဖိုးအို၏ အကြည့်ကို နားလည်စွာ ရှင်းပြသူက အဖွားအိုဖြစ်သည်။

"သမီးလေး အိပ်ခန်းထဲ ခဏသွားဆော့နေနော်"

အဖိုးအိုသည် ငါးနှစ်အရွယ်ခန့်မြေးမလေး၏ ပါးကိုနမ်းပြီးအိပ်ခန်းထဲ၀င်ဖို့ လက်တို့လိုက်သည်။ ကေသာတလွင်လွင်နဲ့ အိပ်ခန်းထဲပြေး၀င်သွားသည့် ကလေးမကို နိုင်တစ်ချက်ကြည့်လိုက်မိသည်။ ကလေးမက ချစ်မွှေးအတော်ပါသည်။

အဖွားအိုသည် နိုင့်အဖို့ရေနွေးကြမ်းငဲ့ပေးရင်း "သားရဲ့သမီးလေးလေ" လို့ ခပ်တိုးတိုးပြောလာသည်။

"သားနဲ့ အသိဆိုတော့...."

"ဟုတ် ကျနော့နာမည်က နိုင်လိုမင်းထက်ပါ။ ခုလောလောဆယ် ဒီနားလေးက နှောင်းရဲ့ကြက်ခြံမှာနေ နေပါတယ်"

နှောင်းဆိုသည့် အသံကိုကြားတော့ နဂိုတည်တင်းနေသော အဖိုးအို၏ မျက်နှာအနည်းငယ်ပြေလျော့သွားသည်။ နှောင်း၏ အကျင့်စာရိတ္တကောင်းမွန်မှုနှင့် သဒ္ဓါတရားထက်သန်မှုတွေကြောင့် ရွာနီးတစ်ဝိုက် လူတိုင်းနီးပါးသိကြသည်။ နှောင်း၏ ကြက်ခြံကလူများလည်း ကိုယ်ကျင့်တရားကောင်းမွန်ကြသည်မဟုတ်လား။ ထို့ကြောင့် နိုင်သည် ‌စကားပြောလွယ်စေရန် လမ်းဖွင့်လိုက်ခြင်းဖြစ်သည်။

Pyit Taing HtaungWhere stories live. Discover now