Part-7🎭

2.6K 234 52
                                    

Unicode::::

အန်တီမျိုး၏ "မင်းအမေဆုံးပြီ ကလေးရယ်" ဆိုတဲ့ စကားကြောင့် ဆွေယိုင်လဲ မတတ်ဖြစ်သွားရသည်။ လက်များ၊ခြေများ အားပျော့ကာ ခွေခေါက်ချင်လာသည်။

"မင်းအမေဆုံးပြီး ကလေးရယ်"

"မင်းအမေဆုံးပြီ ကလေးရယ်"

အဲ့စကားသံက နားစည်ကို အခါခါ တိုးနေသလို ပဲ့တင်ထပ်နေသည်။ အမြင်တွေလည်း ဝေဝါးလာသည်။  နှလုံးသားကိုလည်း အရှိန်နဲ့ တိုက်ကာ ပိုလှုပ်ခပ်လာစေသည်။

"သား...သား...."

အခန်းတံခါးရွက်မကို အားပြုရင်း လှဲကျမလိုဖြစ်သွားသည့် ဆွေကို အန်တီမျိုးက ပြေးတွဲသည်။

"မဟုတ်ဘူး....မဟုတ်ဘူး.....မေမေ...မေမေ မသေရဘူး"

အန်တီမျိုးရဲ့ လက်ကို တွန်းဖယ်ကာ ဆွေသည် ဖနောင့်ပေါက်ကာ အိမ်ကို တန်းတန်းမတ်မတ်ပြေးလေသည်။ အန်တီမျိုးလည်း ဆရာမကို အကြောင်းစုံရှင်းပြဖို့ အချိန်မရတာနဲ့ "သူ့အမေဆုံးလို့ ခွင့်တောင်းပါရစေ ဆရာမ"လို့ ပြောပြီး ဆွေနောက်ကို ပြေးလိုက်လေတော့သည်။

ဆွေပြေးနေခဲ့သည်။ ဖနောင့်နဲ့တင် တစ်သားထဲဖြစ်အောင် အနောက်ကိုပင် လှည့်မကြည့် အိမ်ကိုရောက်ဖို့ ဆွေပြေးနေသည်။ ဆွေပါးပြင်ထက် မျက်ရည်စက်တို့ အလည်မလာပေ။ ဆွေ ‌ငိုဖို့ပင် မေ့နေခဲ့သည်။ ဆွေရင်ထဲ မေမေ မသေရဘူးဆိုတဲ့ စိတ်ကသာ ကြီးစိုးနေသည်။

"အမေ....သားပြန်လာပြီ...ခဏစောင့်ပါ မေမေရာ..."

ဆွေ အာခေါင်ခြစ်ကာ အော်နေသော်လည်း အသံမထွက်လာ။ အသက်ပင်မရှူနိုင်အောင် ဆွေပြေးလွှားနေခဲ့သည်။ ဆွေကိုချစ်တဲ့ တစ်ဦးတည်းသော လူက မေမေပင်။ မေမေ မရှိရင် ဆွေဘယ်လိုနေရမလဲ။ ဆွေကမ္ဘာသည် ရုတ်တရက်ပြိုကြလေသည်။

အတောင်မစုံသေးတဲ့ ငှက်ကလေး ခိုကိုးနေတဲ့ အရိပ်ရပင်သည် မညှာမတာခုတ်လဲခံလိုက်ရလေပြီ။

ဆွေအတွေးတွေသည် အိမ်ကိုအမြန်ဆုံးရောက်ပါက သေမင်းလက်ထဲက မေမေ့ကို ဆွဲခေါ်ထားရန်သာဖြစ်သည်။ လူအများအတွက်တော့ အဓိပ္ပာယ်မရှိလှပါ။ သို့သော် ထိုလက်ကျန်မျှော်လင့်ချက်လေးကို တွေးရင် ဆွေရဲ့ ခြေနဲ့စိတ်များ အားယူပြီး အရှိန်တင်နေရသည်။

Pyit Taing HtaungWhere stories live. Discover now