Part-21🎭

1.3K 108 13
                                    

Unicode:::

ပြင်ဦးလွင်ကနေ သယ်ဆင်းလာသည့် ပန်းစည်းများကို ဆွေသည် အိမ်ရှေ့တွင် ခင်းကာ အားရပါးရရောင်းနေသည်။ တစ်စည်းကိုငါးရာနဲ့ ရောင်းတော့ အမြတ်လည်းအတော်အတန်ထွက်သည်။ ချစ်သူဖြစ်သူ ကိုမင်းနဲ့လည်း တစ်ပတ်တစ်ခါမျှသာတွေ့ဖြစ်၏။ သူကလည်း သူ့အလုပ်နဲ့သူမအားနိုင်။ ဆွေကလည်း သူကို အချိန်သိပ်မပေးနိုင်ပါ။ သည်ပုံစံအတိုင်းဆက်သွားရင် လမ်းဆုံးကိုမဆိုင်းမတွ ရောက်မည်ကိုလည်း ဆွေတို့ နှစ်ယောက်လုံးသိကြသည်။

"ကလင်း ကလင်း ကလင်း"

မရင်းနှီးတဲ့ နံပါတ်စိမ်းတစ်ခု။ ဆွေ့ရင်တွေ တထိတ်ထိတ်တုန်သွားသည်။ ကိုမင်းက နိုင့်ဖုန်းနံပါတ်အကုန်လုံးကို blacklistထဲထည့်စေခဲ့သည်မဟုတ်လား။ ခုဆက်တာ နိုင်များဖြစ်နေမည်လား။ 

ဆွေသည် သက်ပြင်းတစ်ချက် ဖိရှိုက်ရင်း ဖုန်းကောက်ကိုင်လိုက်သည်။

"ဟယ်လို...."

တစ်ဖက်က ထွက်လာမည့်အသံကို ရင်ခုန်စွာ စောင့်စားနေမိသည်။

"ဟယ်လို....ကိုသိကျွမ်းဆွေ ဟုတ်တယ်နော်"

"အော် ဟုတ် ကျနော်ပါ"

"အကိုမေးထားတဲ့အလုပ်က အဆင်မပြေဘူးရှင့်။ အဲ့တာလေး လှမ်းအသိပေးတာပါ"

"အော်......ကျေးဇူးပါနော်"

အလုပ်က ဘယ်ချိန်တုန်းက လျှောက်ထားတဲ့ အလုပ်ပါလိမ့်။ အထည်ဆိုင်ကလား။ သံဆိုင်ကလား။ ဖုန်းဆိုင်ကလား။ ဒါမှမဟုတ် ဆီဆိုင်ကလား။ ဆွေသည် ဖုန်းကို စလွယ်တိုင်းလွယ်ထားသည့် ကချင်လွယ်အိတ်ထဲ ပစ်ထည့်ပြီး ဟက်ကနဲတစ်ချက်ရီလိုက်မိတော့သည်။

သူဘ၀ကို သူပြန်ကြည့်ငဲ့ကြည့်မိတိုင်း အရွဲ့တိုက်ရီမောရမြဲ။
သူဘ၀ကို မေ့မေ့လျော့လျော့ဖြစ်တဲ့အချိန်တိုင်းသည် နိုင်ဆိုတဲ့သူရှိနေတတ်သည်။

နိုင်က သူရဲ့ဘေးဖက်နံပါးကနေ လက်ချောင်းတွေကို ခပ်ဖွဖွပွတ်သတ်ပေးနေသည့်အချိန်ဆို ဘာဆိုဘာမှမတွေးမိတော့။  နိုင်ဆိုတဲ့ ခပ်ဆိုးဆိုး၊ခပ်ပေပေကောင်လေးတစ်ယောက်ကလွှဲရင် အနာဂတ်တွေလည်းမရှိ၊အတိတ်တွေလည်းမရှိ။

Pyit Taing HtaungWhere stories live. Discover now