Part-27🎭

1.1K 73 13
                                    

Unicode:::::::

မနက်ခင်း၌ လန်းဆန်းစွာနိုးထလာပြီး မျက်လွှာဖွင့်ချိန် ပထမဦးစွာမြင်ရသည်က နိုင့်မျက်နှာဖြစ်ပြီး ညအိပ်စက်အနားယူခါနီး မျက်လွှာမချမီ နောက်‌ဆုံးမြင်ရသည်ကလည်း နိုင့်မျက်နှာဖြစ်သွားရုံက လွှဲပြီး သိကျွမ်းဆွေ၏ ဘ၀ထွေထွေထူးထူးပြောင်းလဲသွားတာမရှိ။

ဘယ်သူ့အားကိုးမှ မယူဘဲ သူတို့နှစ်ယောက်သည် သာယာတဲ့အိမ်ထောင်တစ်ခုကိုတည်ဆောက်ချင်ကြသည်။ အထူးသဖြင့် နိုင်မိဘဖက်က ငွေအား။ နိုင့်အမေက ဒီကိစ္စကို ကြည်ဖြူခဲ့တာမှမဟုတ်ဘဲ။ နိုင့်အဖေရဲ့ တစ်ဦးတည်းဆန္ဒနဲ့သာ သူတို့၏ လက်ထပ်ပွဲ ပြီးပြတ်အဆင်ပြေခဲ့ကြသည်‌လေ။

သိကျွမ်းဆွေသည် အဖေ၏ အိမ်တွင်သာနေလေသည်။ နိုင်က အိမ်ခွဲနေရန်ဆိုသော်ငှာလည်း မဖြစ်နိုင်။ ဒုက္ခိတအဖေအိုနဲ့ ပညာမစုံတဲ့ကညာပျို ညီမကို မြေခွေးလို မိန်းမနဲ့ အတူထားခဲ့ဖို့ မဖြစ်နိုင်ပါ။ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်။

ဆွေသည် တွေးစစဖြင့် ဆန်ပြုတ်အိုကို ယောင်းမဖြင့် မွှေနေသည်။

အဖေစားဖို့ ဦးစွာ ဆန်ပြုတ် ပြုတ်ပေးခြင်းဖြင့် သူ၏ နေ့စဉ်ဘ၀အစပြုမြဲဲဖြစ်သည်။ အဖေက ‌ဆန်ပြုတ်ဆိုရင် ရယ်ဒီမိတ်တွေမနှစ်မြို့။ သူ့သားကိုယ်တိုင်ပြုတ်သည့် လက်ရာကိုဘဲ ကြိုက်သည်တဲ့။ အမေ့လက်ရာနဲ့ တူသတဲ့။

အဖေလည်း ဒီရက်ထဲ အမေ့ကို ပို၍ သတိရနေဟန်။ အန်တီခင်လည်း အိမ်ပြန်မလာတာ တစ်ပတ်ပင်ရှိတော့မည်။ ဒုက္ခိတကို ဘယ်သူက ကြာရှည်လက်တွဲချင်မတဲ့လဲ။ အချစ်နဲ့တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးလည်းမဟုတ်တော့ ခက်ချည်ရဲ့။ ခက်လှချည်ရဲ့။

ယောင်္ကျားအများစုသည် နှလုံးသားကအမှန်တကယ် တောင့်တလိုလားသည့် အရာနှင့် ခဏတာကြည်နူးမှုကို ကွဲကွဲပြားပြားမသိမမြင်ကြ။ တစ်နပ်စားသာကြံတတ်တော့ နောင်တများရတတ်သည်။ နောင်တ တစ်ပွေ့တစ်ပိုက်နဲ့ ရှင်သန်ခြင်းက လူဖြစ်ကျိုးဘယ်ခါနပ်လိမ့်မည်မထင်။
အထင်ရှားဆုံးသာဓက က သိကျွမ်းဆွေ၏ အဖေကိုသာ ထောက်ပြရလိမ့်မည်။

Pyit Taing HtaungWhere stories live. Discover now