Part-29.2🎭

1.1K 74 5
                                    

Unicode::::::

ပြင်ဦးလွင်မြို့နယ် ရွှေကျားရွာက ခြံလေးတစ်ခြံဝယ် နိုင်လိုမင်းထက် အချစ်ရှာပုံတော်လှည့်ရင်း ရောက်လာလေသည်။

ရွှေကျားရွာဆိုသည်မှာ ပြင်ဦးလွင်-မန္တလေး အတက်လမ်းဖက်က ပြင်စာရွာလမ်းအတိုင်း တက်လာလျှင် တန်းရောက်လာလိမ့်မည်။ တန်းရောက်တယ်လို့သာပြောရသော်လည်း လက်ပံကုန်းရွာနှင့် ရွာမရွာစသည့် ရွာများကို ဖြတ်သွားရသေး၏။

ကားလမ်းမနှင့် အဝေး အတွင်းကျကျတွင် ရှိသော ရွာငယ်လေးပေမို့ ဆိတ်ငြိမ်လွန်းလှသည်။ ထိုသို့ တိတ်ဆိတ်သောကြောင့် တရားဘာ၀နာပွားများနိုင်ရန် လမ်းတစ်လျှောက်တွင် တောရကျောင်းများကိုလည်း တွေ့ရမြင်ရသေးသည်။

"ဒီခြံမှာရော ဆင်းမေးကြည့်ရအောင် ယမုံ"

"အင်း ဆင်းကြတာပေါ့"

ခြံပေါင်းမြောက်များစွာထဲက ကြက်ခြံတစ်ခြံဖြစ်သည်။ လပ်စ်ကီးကြက်ခြံဟူသော ဆိုင်းဘုတ် အပြာရောင်နှင့် ခွင့်တောင်းပြီးမှ၀င်ရန်ဆိုသည့် သတိပေးစာကပ်ထားသည်။

နိုင်နှင့်ယမုံသည် ခါးပတ်ကြိုးကိုဖြုတ်ပြီး ကားပေါ်က ဦးစွာဆင်းလိုက်ကြသည်။ သူတို့နှစ်ယောက်လုံး ပြိုင်တူလုပ်မိတာက သက်ပြင်းချခြင်းဖြစ်သည်။ နှစ်ယောက်လုံးကလည်း ချွေးတလုံးလုံးဖြင့် အတော် လက်မှိုင်ကျနေလေပြီ။ အနည်းကယ် တောကျတာမို့ ထမင်းဆိုင်တွေလည်းမရှိ။ ယခုထိ ‌ဗိုက်ဟောင်းလောင်း။

နိုင်သည် ခြံကို အကဲခတ်ကြည့်ရာ အတော်ကိုကျယ်သည်။ ခြံအ၀င်နှင့် တော်တော်လှမ်းသည့် နေရာတွင် ကြက်ခြံများဆောက်လုပ်ထားသည်။ အနည်းဆုံး ငါးခြံလောက်ရှိလိမ့်မည်။

"အိမ်ရှင်တို့....အိမ်ရှင်တို့"

နိုင်သည် ခြံထဲကိုလှမ်းကြည့်၍ အော်ခေါ်လိုက်သည်။

"ဟဲ့.... နိုင်....ဒါကအိမ်မှမဟုတ်ဘဲ"

"ဘယ်လိုခေါ်ခေါ် လူထွက်လာဖို့က အဓိကမလား။ နင်က တစ်မျိုး"

"ဖယ်....ဖယ်...ငါခေါ်မယ်"

"ခြံရှင်တို့....ခြံရှင်တို့.....ရှိလားရှင့်။ ကျွန်မပျိုကညာမိချောမမကနေ ယဉ်ကျေးပျူငှာ လှမ်းခေါ်လိုက်ပါတယ်ရှင့်"

Pyit Taing HtaungWhere stories live. Discover now