Part-20🎭

1.4K 111 6
                                    

Unicode

အဖေ့ကို ဆေးရုံကနေ အိမ်အထိ ကိုမင်းယက္ခရဲ့အကူအညီနဲ့ အဆင်ပြေပြေ ပြောင်းရွေ့နိုင်ခဲ့သည်။ အဖေသည် ကိုမင်းရှေ့တွင် ဘာမှ မပြောသော်လည်း ဆွေ့ကို မသင်္ကာသည့် မျက်လုံးများနဲ့ ကြည့်နေခဲ့သည်။ ကိုမင်းက ဆရာ၀န်လည်းဟုတ်၊ သူ့အသက်ကို ကယ်ခဲ့သူလည်းဟုတ်တာကြောင့် အဖေဆင်ခြင်နေ၏။
အဖေ့အတွေးထဲ ဆွေတစ်ယောက် ယောင်္ကျားတစ်ယောက်ကို အစာချခဲ့ပြန်ပြီလို့ ထင်ပုံရသည်။

"ဆွေ ငါနဲ့ယမုံပြန်လိုက်အုန်းမယ်။ မိုးလည်းမှောင်နေပြီ"

"အေး ဇွဲ ကျေးဇူးဘဲကွာ။ ငါ့မှာလည်းနင်တို့ရှိလို့သာပေါ့။ "

ပစ္စည်းပစ္စယတွေ ကူသယ်ကြသည့် ဇွဲနဲ့ ယမုံလည်း ချွေးတလုံးလုံးဖြစ်၍နေလေပြီ။ ဆောင်းရာသီမို့ နေ့တာတိုသည်လေ။ အိမ်ထဲမှာနေလို့သာမသိသာတာ အပြင်မှာ အတော်ကို မှောင်နေသည်။

"ကိုယ်လည်းရှိပါတယ်နော် သိကျွမ်း"

ကိုမင်းသည် အဖေ့ကို ကုတင်ပေါ်မှာနေရာချပေးပြီး ဧည့်ခန်းထဲ ၀င်လာသည်။ ရေနွေးကြမ်းတစ်ခွက်ကိုငဲ့ရင်း

"ကိုယ်တော့ ဆွေကိုနားစေချင်တယ်။ ဒီရက်တွေထဲ လူရော၊စိတ်ရော တော်တော်ပင်ပန်းခဲ့ပြီမလား။"

"ဒီလောက်ကတော့ ကျနော်စကားထဲ ထည့်မပြောတော့ဘူး"

"ဟုတ်ပါရဲ့။ ကိုယ့်ကလေးသန်မာတာ ကိုယ်မေ့သွားတာ"

ဆွေနဲ့ ကိုမင်းတို့ရဲ့ ဆက်ဆံရေးက သူစိမ်းလူအမြင်တွင် သမီးရည်းစားထင်ချင်စရာဖြစ်နေသည်။ ကိုမင်း၏ အပြောအဆိုမ‌ စောင့်ထိန်းမှုကြောင့်လို့ ဆွေပစ်ပစ်ခါခါမပြောရက်ပေ။ ဆွေလည်း အနေအထိုင်မတတ်၍ ခုလိုတွေထင်ချင်စရာဖြစ်ကုန်သည်မဟုတ်ပါလား။

"ငါတို့ပြန်တော့မယ် သိကျွမ်း"

"နေပါအုန်း ယမုံရာ။ ငါကလက်ဖက်သုတ်ပေးမလို့"

"တော်ပြီ။ ဇွဲသွားရအောင်။
အော်...ဒါနဲ့ နင်သတိထားနေနော် မခုတ်တတ်တဲ့ကြောင်က ပိုကြောက်ဖို့ကောင်းတယ်"

ယမုံသည် မင်းသားခေါင်းစောင်းထားတဲ့ဘီလူးလို မင်းယက္ခဆိုသူကို မြင်ပြင်းကပ်စွာဖြင့် စူးစိုက်ကြည့်သည်။ ထို့နောက် ဇွဲလက်ကို ဆွဲ၍ တလှုပ်လှုပ် ထထွက်သွားသည်။

Pyit Taing HtaungWhere stories live. Discover now