Part-1🎭

5.6K 395 30
                                    

Unicode::::

တစ်နွေကုန်လို့တစ်မိုး၀င်လာလေပြီ။
နယုန်မိုးသေး၊မျက်သားမွှေး ဆိုသလို နယုန်လ၏ မိုးသေး၊မိုးညှင်းလေးများ ခပ်ဖွဲဖွဲလေးကျဆင်းနေသည်။ ကောင်ကင်း‌တွင်လည်း တိမ်မဲကြီးများဖြင့် အုပ်ဆိုင်းနေသည်။ ရာသီဥတုသည်လည်း အပျင်းထူးချင်စရာ။

ပထမဆုံးကျောင်းစဖွင့်သည့်ရက်မို့ အဖြူ၊ အစိမ်းနှင့် ကလေးများသည် လမ်းတစ်လျှောက် ပျားပန်းခက်သဖွယ်ဖြစ်နေ၏။ ထီကိုယ်ဆီ၊ချိုင့်ကိုယ်စီဖြင့် မိခင်ကျောင်းတော်ဆီ လှမ်းနေကြ၏။ နွေရက်တွေထဲ တိတ်ဆိတ်ခဲ့သော ကျောင်းအိုကြီးသည် မိုးဦးမှာ နုနယ်စွာတစ်ဖန် ရှင်သန်လာတော့မည်။

"သိကျွမ်းရေ....ကျောင်းသွားရအောင်...."

အိမ်ပေါက်၀တွင်ရပ်ကာ မေမေ၏ ဈေးအပြန်ကို မျှော်နေခိုက် ယမုံနှင့် ဇွဲတို့က သစ်လွင်လှပသော ၀တ်စုံအသစ်များ နဲ့ ထီးလှလှလေးများကို ဆောင်းကာ ကျောင်းသွားရန်လာခေါ်ကြသည်။

"အေး....ငါ့အမေမပြန်လာသေးဘူးဟ....သွားနှင့်လိုက်တော့....."

"ဟုတ်လား....အေးပါ....အဲ့ဆိုသွားပြီနော်"

"နင့်အတွက်နေရာဦးထားပေးမယ်နော်....ဆွေ"

"ဟုတ်ပြီ...ဇွဲ...."

လက်ပြနှုတ်ဆက်ရင်း တဖြည်းဖြည်းဝေးသွားသည့် ကျောပြင်ငယ် နှစ်ခုကိုကြည့်ရင်း သက်ပြင်းလေးချလိုက်မိသည်။ ဇွဲနှင့်က အိမ်ချင်းသိပ်မကွာပေ။ ယမုံကတော့ တစ်လမ်းထဲဆိုပေမဲ့ အနည်းငယ်လှမ်းသည်။ တစ်လမ်းထဲက ကျောင်းသွား၊ကျောင်းပြန် ငယ်ပေါင်းတွေမို့ သူတို့အနေနဲ့လည်း ကျနော့၏ အခြေအနေကို သိနေကြသည်။ ယခုနှစ်တွေထဲ အိမ်ကပိုပြီး ခက်ခဲကျပ်တည်းလာသည်။ အဖေကလည်း အရင်က ကုန်ကားလိုက်မောင်းတုန်းက အဆင်ပြေပြေဖြစ်ပေမဲ့ အခုလိုကိုယ်ပိုင်ကားဝယ်ပြီး လုပ်စားကာမှ အိမ်ကိုယောင်လို့ပင်မကပ်ချင်တော့။ ဒါလည်းသူ့အကြောင်းနဲ့သူပါ။

"ကိုကို....နှင်းကိုသနပ်ခါးလိမ်းပေးပါအုန်း...."

အိမ်အ၀မှာရပ်နေသည့် ကျနော့၏ ပုဆိုးစကို ဆွဲကိုင်ကာ သနပ်ခါးလိမ်းပေးရန် ပြောလာသော ညီမလေးကြောင့် အိမ်ထဲကို ကိုယ်ဖော့ဖော့ဖြင့် ပြန်၀င်လာလိုက်သည်။ အိမ်ကြမ်းခင်းများသည်လည်း တစ်ခါလှမ်းတိုင်း ခြေကျွံကျမလို စိုးထိတ်ဖွယ်ကောင်းလှသည်။ သို့သော်လည်း နေပျော်၊စားပျော်ရပါသည်။ ဒီအိမ်အိုကြီးရှိနေလို့တာ မိုးလုံ၊နေလုံဖြစ်နေရသည်လေ။

Pyit Taing HtaungTempat cerita menjadi hidup. Temukan sekarang