final (1)🎭

1.7K 80 17
                                    

Unicode:::::::;

ဆောင်းလယ်မှာရွာသည့်မိုးက ခပ်ဖြည်းဖြည်းရွာသွန်းနေ၏။ နှင်းမိုးဖြစ်သောကြောင့် အေးစိမ့်ကာနေသည်။ ပတ်၀န်းကျင်တစ်ခုလုံး တိမ်ထူကာ ပိန်းပိန်းမှောင်နေသည်။ အလင်းရောင်အမျှင်တန်းရယ်လို့မရှိ။ ကြေးစည်သံနှင့် ငိုရှိုက်သံအချို့က မိုးပေါက်တွေကိုကျော်လွန်လာသည်။

အမဲရောင် လူအုပ်ကြီး၏ရှေ့ တစ်စုံတစ်ယောက် ကိုင်ဆောင်ထားရသည်က လွမ်းသူပန်းခွေ နှင့် ခပ်ရေးရေးပြုံးနေသော ဓာတ်ပုံ။

လူတစ်ဦး၏ ရုပ်နဲ့နာမ်ဝေးကွာနေသော ခန္ဓာကိုယ်သယ်ဆောင်သည့်   လူတန်း၏ရှေ့ ဂန္ဓာဖြူ ပန်းခွေကြား မှုန်လှစွာပြုံးနေသည့် ဓာတ်ပုံဘောင်ကို ကိုင်ဆောင်ထားသူလည်း အသက်မဲ့၍နေသည်။

"အဖြစ်ဆိုးလိုက်တာ ကလေးရယ် အဟင့် အဟင့်"

တမလွန်တံခါး၀ထိ လိုက်လံပို့ဆောင်ပေးသည့် မိသားစု၊သူငယ်ချင်းတွေကို ကောင်းကင်မှာနေ၍ ပြုံးပြနေမည့်သူရှိကောင်းလည်းရှိနိုင်ပါသည်။

သံသရာကမ်းစပ်အနား အချိန်တန်ရင် မျက်ရည်စိုစိုဖြင့် လက်ယမ်းကာ နှုတ်ဆက်ရမည်က လောကဓမ္မတာပင်မဟုတ်လား။

တတ်စွမ်းနိုင်ပါက တစ်ဖက်ကမ်းဆီထိ ကူးခပ်ကာ ယုံကြည်စိတ်ချရမဲ့သူလက်ထဲ အကြင်သူကို ထည့်ပေးခဲ့ချင်လည်း ဘယ်ဘုရားက ထိုအရာကို စွမ်းဆောင်နိုင်မတဲ့လဲ။

အမည်နာမလေးတစ်ခုကလည်း အချိန်ကြာလာသည်နှင့်အမျှ ခေါ်သူမဲ့နေရော့မည်။ တစ်ချိန်ချိန်မှာ ပြန်လည်တမ်းတမိရင် မျက်ရည်‌ တွေတစ်ဖြိုက်ဖြိုက် ကြွေရအုန်းမည်။ ဘာဖြတ်ဖြတ် မပြတ်မဲ့နှောင်ကြိုးထုံး ခပ်မာမာကို သေခြင်းတရားက ဖြတ်တောက်ပေးလိုက်ပြီ။

သိကျွမ်းဆွေ အသက်(၂၃)နှစ်။

"နိုင်....ငိုချင်ငိုချလိုက်လေ။ တင်းခံထားမနေပါနဲ့ ရိုင်းနိုင့်အနားရှိတယ် သိလား"

နိုင်သည် မျက်ရည်များတင်းခံရင်း နှင်းဆီရိုင်းကို ခေါင်းခါပြလိုက်မိသည်။ သူငိုနေတာ သိကျွမ်းဆွေတစ်ယောက်သာသိလိမ့်မည်။ ရင်ထဲမှာ အော်ဟစ်ပြီး နိုင်ငိုနေခဲ့ပါသည်။ သည်းကြီးမဲကြီးကို ငိုနေခဲ့တာ။ ကျန်ရစ်ထားခဲ့သူကို ရင်ထဲမှာ ထာ၀ရသိမ်းဆည်းထားလိုက်တော့မည်။

Pyit Taing HtaungWhere stories live. Discover now