Part-3🎭

3.4K 293 59
                                    

Unicode::::

"ပစ်တိုင်းထောင်လေး ပုတိုတို၊ မျက်နှာပြုံးချိုချို"

ထိုစာသားလေးကို မေမေက ဆိုပြနေကြဖြစ်သည်။ အဲ့အပြင်မက မေမေသည် ကျနော့၏ ပါးနှစ်ဖက်ကို ဆွဲညစ်ပြီး

"ပစ်တိုင်းထောင်လေးပုကွကွ၊ မျက်နှာရွှင်ပြပြ" ဟုဆိုပြတတ်သေးသည်။

နားထဲတွင် ထိုစာသားရွတ်သံလေးသည် ကျယ်လာလိုက် တိုးသွားလိုက်နှင့် တဖြည်းဖြည်းဝေးသွားသယောင်။ မေမေသည်လည်း မီးရောင်မှုန်ပြပြအခန်းထဲတွင် ရှိုက်ကာ ရှိုက်ကာ ငိုနေခဲ့သည်။ မေမေ့ကို ပြေးဖက်လိုက်ရာ လေဟာနယ်တစ်ခုလို ဖြစ်သွားသည်။

"သား....သားရေ"

"ဗျာ...ဗျာ...မေမေ"

မေ့မေ့အသံကြောင့် မျက်စိမျက်နှာပွတ်သတ်ရင်း နှိုးထလာတော့သည်။
ကျနော့အခန်း တံခါး၀တွင်ရပ်ကာ တိုလျလျလေသံဖြင့် လာနှိုးသော မေ့မေ့ မျက်နှာသည် မှုန်ကုတ်စွာနှင့် လက်တစ်ဖက်ကလည်း ဗိုက်ကိုဖိနှိပ်ထားသေးသည်။

"အမေ့ ဗိုက်တွေ နာလာလို့ပါသားရယ်"

" မေမေ ဘာဖြစ်လို့လဲ"

"ဘာမှ မဖြစ်ပါဘူးကွယ် အစားမှားတာဖြစ်မယ်"

မေမေ့မျက်နှာမှာ အစားမှား၍ ဗိုက်နာသည့်ပုံနှင့်မတူပေ။ ချွေးသီးများပင် နှာဖူးပြင်ထက် ဝေ့သီးလာပြီး မျက်ရည်များခပ်စမ်းစမ်းဖြစ်၏။ အံတင်းတင်းကြိတ်၍ မှိန်းခံနေပုံသည် ကျနော်၏ ရင်အစုံကိုစူးနှင့်ထိုး၍ မွေသကဲ့သို့နာကျင်ရပါသည်။

"အမေ့အတွက် ရေနွေးနဲ့ မဟာဖြေဆေးယူလာပေးမယ်နော်၊ သားအိပ်ယာပေါ် ခဏလှဲအိပ်နေလိုက်"

ကုတင်ထက် ‌မေမေ့အားတွဲပို့ပြီး မီးဖိုထဲသို့ အပြေး၀င်ကာ ရေနွေးကို ခွက်လေးထဲထည့်ပြီး ဆေးဗူးကိုဖွင့်ကြည့်လိုက်သည်။ ဆေးဗူးတွင်လည်း ဆေးများ အများအပြားမရှိပေ။ လိမ်းဆေး၊သောက်ဆေးအနည်းငယ်မျှသာရှိ၏။

"အော် မဟာဖြေဆေးတောင် ကုန်နေရောပေါ့"

မဟာဖြေဆေးဘူးလေးကို ဖွင့်ကြည့်ပြီးသက်ပြင်းချလိုက်မိသည်။ ခါတိုင်းညတွေလည်း မေမေ ဆေးတွေရှာသောက်နေတဲ့အသံတွေ အခန်းထဲကနေ ကြားရတတ်သည်လေ။

Pyit Taing HtaungWhere stories live. Discover now