Part-28🎭

996 70 10
                                    

Unicode::::::

မနက်ခင်း၏ နေခြည်နုနုများသည် မှန်ပြတင်းကိုကျော်ခွပြီး သိကျွမ်းဆွေ၏ ပါးပြင်သို့ လာရောက်ခစားကြကုန်သည်။ ဆူဆူညံညံကားသံများ၊ လူအော်ခေါ်သံများဖြင့် မြို့ပြ၏ နံနက်ခင်းပီသစွာ စတင်နိုးထလှုပ်ရှားလာတော့သည်။ ကျေးငှက်သံ တိုးလျလျကိုလည်း ကြားရသေးသည်။

သိကျွမ်းဆွေသည် လိုက်ကာများကို ဆွဲဖွင့်လိုက်ပြီး ဆေးရုံအခန်းကို လေ၀င်၊လေထွက်ကောင်းအောင်လုပ်လိုက်သည်။ ထို့နောက် လူနာကုတင်ပေါ်က သူ၏ အမျိုးသားကို ကြည့်၍ သက်ပြင်းကိုသာ တသွင်သွင်ချလိုက်မိသည်။

"နိုင်.....နိုးလာပါတော့လား။ ငါမင်းအသံလေးကို လွမ်းလှပြီ"

အရေးပေါ် ခွဲစိတ်ခန်းကထွက်လာပြီးနောက် နိုင်သည် သတိမေ့ကာ ခပ်မျှောမျှောဖြစ်နေသည်။ သွေးထွက်လွန်ခြင်းနှင့် ဓားထိုးဒဏ်ရာက နက်‌သောကြောင့် သတိမလည်လာသေးတာဖြစ်ကြောင်း ဆရာ၀န်ကပြောသည်။ သည်ထက်ပိုပြီး  နည်းနည်းနက်ပါက အခင်းဖြစ်တဲ့ နေရာမှာတင် အသက်ပါနိုင်သည်တဲ့။

နိုင်၏ မျက်နှာကို အတန်ကြာအောင်စိုက်ကြည့်မိပြန်တော့ မျက်ရည်တို့ရစ်သိုင်းစပြုလာသည်။ သူကိုထိုးမည့်ဓားချက်ကို နိုင်၀င်ခံရလောက်အောင် သတ္တိတွေကောင်းနေခဲ့သည်။ နှစ်ချက်ဆင့်ထိုးတဲ့ဓားချက်အောက် အသက်နှစ်ချောင်းပါနေလျှင်တောင် အသက်ရှင်ဖို့ရန် ရာခိုင်နှုန်းကို မှန်းဆနိုင်မည်မဟုတ်။

"တင်း.....တင်း....တင်း......"

ဆိုဖာပေါ်ပစ်တင်ထားသည့် ဖုန်းကို မကိုင်မီ ပင့်သက်တစ်ချက်ရှိုက်လိုက်သေးသည်။

"ဟယ်လို ခပြော"

"နိုင် ဓားထိုးခံရတယ်ဆို ဘယ်လိုနေလဲ"

"သတိတော့မရသေးဘူး။ အဆိုးဆုံးအခြေအနေကို ကျော်လာပေမဲ့ အကောင်းဆုံးအခြေအနေလို့တော့ ပြောလို့မရဘူး"

"အေး ငါအခုလေယာဉ်ကွင်းမှာ ငါပြန်လာနေပြီ"

သိကျွမ်းဆွေသည် နိုင်ကို ရေပတ်တိုက်ပေးရန် ဇလုံထဲရေ‌ဖြည့်ရင်း  ဖုန်းကို ပုခုံးဖြင့် နား နားဖိကပ်ထားသောကြောင့် တစ်ဖက်က အသံသည် ကြည်တစ်ချက် ပြတ်တစ်ချက်ဖြစ်နေသည်။

Pyit Taing HtaungWhere stories live. Discover now