၁(U+Z)

54.4K 2.2K 39
                                    

Unicode

Sမြို့တော်သည် အလွန်ကြီးမားလှသည်။ ကစားကွင်းနံဘေးက စက်ဘီးရပ်နားရာနေရာလေးတွင်အလုပ်များနေသော စက်ဘီးနှစ်စီးနှင့်လူနှစ်ဦးပေါ်သို့ ဝင်ခါစနေရောင်ကဖြာကျလျက်ရှိနေရာ ကွင်းပြင်ကျယ်ပေါ်သို့ ရှည်လျားလှသောအရိပ်နှစ်ခုအနေနှင့်ကျရောက်နေ၏။

"ပြင်ပြီးသွားပြီ''

ပိုင်ယန်သည် အနည်းငယ်ကြိုးပမ်းလိုက်ရကာ ကျနေသောစက်ဘီးချိန်းကြိုးသည် နေရာတကျပြန်ရောက်လို့သွား၏။ သူ့နံဘေးကရပ်စောင့်လျက်ရှိနေသောမိန်းကလေး၏မျက်နှာထက်တွင်မူ တောက်ပသောအပြုံးလေးတစ်ပွင့်ရှိနေသည်။

"ကျေးဇူးပါဟယ် နင်ကငါ့ကယ်တင်ရှင်လေးပဲ''
ကျီရှောက်ယွင်က သူမ မျက်နှာလေးကိုချစ်စဖွယ်ပြုလုပ်နေကာ ပိုင်ယန်ကိုလည်းပြေးဖက်မတတ်ကျေးဇူးတင်နေတော့သည်။

ပိုင်ယန်က သူမ ဖက်မည်ပြုလိုက်သောကြောင့်အနောက်သို့ခြေတစ်လှမ်းစာမျှဆုတ်လိုက်လေသည်။ ပြီးနောက် မျက်နှာက ချွေးစအနည်းငယ်ကိုလက်​နှင့်သုတ်လိုက်သည်။ သို့သော်ငြား လက်တွင်စက်ဘီးချိန်းကြိုးကစက်ဆီတို့ပေကျံလျက်ရှိရာ သူ့ပါးထက်တွင်အနည်းငယ်စွန်းထင်းသွား၏။

 ကျီရှောက်ယွင်က တခစ်ခစ်ရယ်လိုက်ပြီး
"ကြည့်ပါဦး။ ငါ့မှာ တစ်ရှူးပါတယ်။ နင့်ကို သုတ်ပေးမယ်လေ''
ပြောပြီးသည်နှင့်သူမအိတ်ထဲမွှေနှောက်ပြီးရှာတော့သည်။

ပိုင်ယန်ကလက်ကိုအမြန်ဝေ့ယမ်းလိုက်ကာ
"ရတယ် ရတယ် ငါရေကန်နားသွားပြီးဆေးချလိုက်လို့ဖြစ်တယ်။ နင်အမြန်ပြန်တော့လေ''

ကျီရှောက်ယွင်ကဝင်ခါစနေမင်းကြီးကိုတစ်ချက်ကြည့်လိုက်ကာ သူမသူငယ်ချင်းနှင့်ချိန်းထားသည်ကိုအမှတ်ရလိုက်သောကြောင့်
"အိုခေ နောက်မှတွေ့ကြတာပေါ့။ညစာစားလိုက်ဦး။ ငါသွားနှင့်ပြီ''

ပိုင်ယန်က သူမထွက်ခွာသွားသည်ကိုစောင့်ကြည့်နေပြီး အရိပ်ကလေးပျောက်သွားခါမှ ကားပါကင်နားမှရေကန်လေးနားလာပြီးမျက်နှာကိုဆေးချလိုက်ကာ ချွေးစတို့ခိုတွဲနေသောဆံစတို့ကိုခါရမ်းလိုက်၏။

Affection[Complete]Where stories live. Discover now