၄၄(U+Z)

11.2K 1.4K 30
                                    

Unicode

ခွဲစိတ်ပြီးတစ်လခန့်ကြာသော် ပိုင်ထောင်းသည် ကိုယ့်ဘာသာလမ်းလျှောက်နိုင်ပြီဖြစ်၏။ သူမ၏လှုပ်ရှားမှုများမှာနှေးကွေးသော်လည်း သူမကိုထောက်ကူဖို့ရာလူမလိုတော့ပေ။

သူမသည် နံရံကိုအမှီပြုနေရင်းဖြည်းညင်းစွာ ခြေလှမ်းနှစ်လှမ်း၊သုံးလှမ်းစာမျှလျှောက်ပြီးချိန်တွင် ခေါင်းမော့ကြည့်လာလေသည်။ မျက်ဝန်းလေးများတောက်ပသွားပြီး ရှေ့ကလူကိုပျော်ရွှင်စွာအော်ခေါ်ပြီးလက်မောင်းများကိုဆန့်ထုတ်၍-
“ ကိုကို....”

ပိုင်ယန်ကလည်း “ဟေး” ဟုပြန်ထူးလိုက်၍ ရှေ့သို့တိုးသွားလိုက်ပြီး သူ့ညီမလေးကိုတင်းကြပ်စွာပြန်လည်ပွေ့ဖက်လိုက်လေသည်။ ပိုင်ထောင်းလေး၏နားထင်စလေးကိုဖွဖွလေးနမ်းလိုက်ကာ-
“ထောင်ထောင်းလေးက တော်လိုက်တာ”

ပိုင်ထောင်း၏မျက်နှာလေးမှာ ငိုတာရော ရယ်တာပါရောယှက်နေလေသည်။ သူမ၏ပါးထက်တွင်လည်းအစ်ကိုလုပ်သူ ပိုင်ယန်ကဲ့သို့ပါးချိုင့်လေးများရှိလေသည်။ သူမအပြုံးလေးက ပိုလို့ကလေးဆန်ပြီးချစ်စဖွယ်လေးဖြစ်နေကာ-
“ကိုကို ဝူးဝူးဝူး.... ညီမလေးက သာမန်လူတွေလို လမ်းမလျှောက်နိုင်တော့မှာကြောက်နေတာ ကိုကို ညီမလေးကိုစိတ်ပျက်သွားမှာကိုလည်းကြောက်နေခဲ့တာ”

ပိုင်ယန်က ထိုစကားလေးကြားရတော့ စိတ်မကောင်းဖြစ်သွားရပြီး ညင်ညင်သာသာလေးချော့မော့လိုက်လေတော့သည်။
“အဲ့ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ကိုကိုက ညီမလေးကိုအချစ်ဆုံးပဲဟာ။ ညီမလေးသေချာပေါက်ပြန်ကောင်းလာမှာ”

အနှီ‘အချစ်ဆုံး’ဆိုသောစကားကိုကြားလိုက်ရသော ရှောက်ချန်တစ်ယောက် နဖူးကသွေးကြောများပင်ထောင်မတတ်ဖြစ်သွားရလေသည်။

ကျွမ်းကျင်လှသော အာဟာရဗေဒပညာရှင်များ လေ့ကျင့်ခန်းဆရာမများကြောင့် ပိုင်ထောင်းလေးမှာ လျင်လျင်မြန်မြန်ပဲ ကျန်းမာလာခဲ့လေသည်။ ပိုင်ယန်၏အတန်းဖော်များလည်း သူ့ညီမလေးအကြောင်းကြားတော့ ပန်းများ သစ်သီးများဝယ်လာပြီးလူနာလာမေးကြလေ၏။

ကျီရှောက်ယွင်က တွေ့တွေ့ချင်းပဲ ပိုင်ယန်၏ရင်ဘတ်ကိုထုရိုက်လိုက်ကာ-
“ဒီလိုအရေးကြီးတဲ့ကိစ္စကိုတောင်ငါ့မပြောတာ နင်ကငါ့သူငယ်ချင်းတဲ့လား”

Affection[Complete]Where stories live. Discover now