၃၂(U+Z)

11.3K 1.5K 20
                                    

Unicode

ပိုင်ယန်၏တစ်နေ့တာမှာသာမန်ပြန်ဖြစ်သွားလေတော့သည်။ ဆောင်းရာသီအားလပ်ရက်ကုန်ခါနီးဖြစ်နေသော်လည်း ပိုင်ယန်သည်လက်ကမ်းစာစောင်ဝေပေးရသည့်အချိန်ပိုင်းအလုပ်တစ်ခုကိုလက်ခံခဲ့၏။ တစ်နေ့ကိုယွမ်တစ်ရာရပြီး ပိုဝေရလျှင် ဘောနပ်စ်လည်းပေးသည့်အလုပ်လေးဖြစ်သည်။ နေ့လည်ပိုင်းဆို ကုန်တိုက်ကြီးများအနီးတစ်ဝိုက်တွင်ဝေလေ့ရှိပြီး ညပြန်ရောက်လျှင်တော့ဆောင်းပါးများကိုကိုယ်တိုင်ကိုယ်ကျကြိုးစားပြီးရေး၏။

ရှောက်ချန်၏စာမူများကိုစစ်ပေးလိုက်ခြင်းကသူ့ အသိဉာဏ်ကိုပွင့်သွားစေသည်။ အင်တာနက်ပေါ်ကတွေ့သောမဂ္ဂဇင်းတိုက်များသို့စာမူများရေးပြီးပို့ဖြစ်သည်။ မထင်မှတ်ထားစွာ မဂ္ဂဇင်းတိုက်တစ်ခုကသူ့ထံဆက်သွယ်လာပြီး စာမူအတွက်ယွမ်ခြောက်ရာပင်ကမ်းလှမ်းလာ၏။ ထိုအချင်းအရာကသူ့အတွက်ခွန်အားတစ်ခုဖြစ်စေကာ ပိုနေသည့်အချိန်များတွင်စာပိုဖတ်ချင်လာအောင်တွန်းအားပေးလေ၏။

ဆောင်းရာသီအားလပ်ရက်၏နောက်ဆုံးရက်တွင် ပိုင်ယန်တစ်ယောက်လက်ကမ်းစာစောင်များကိုကုန်တိုက်ကြီးတစ်ခုတွင်ဝေနေမိ၏။ ဖြတ်သွားဖြတ်လာမှာများပြားလှသော်လည်း တချို့တချို့သောသူများသာသူ​၏လက်ကမ်းစာစောင်လေးကိုအဖက်လုပ်ကာယူသွားကြသည်။ ယူသွားသည့်သူတချို့မှာလည်း ခြေနှစ်လှမ်းပြည့်သည်နှင့် စာစောင်လေးကိုချနင်းပစ်ကြသည်သာချည်းပင်။ ဆောင်းရာသီ၏ခြောက်သွေ့သောလေကြောင့် သူ့အသားများကွဲအက်ခြောက်သွေ့လာလေသည်။ သို့သော်လည်း လက်ကမ်းစာစောင်ဝေနေစဥ်အပြုံးမပျက်စေရပေ။ အပြုံးကိုမမြင်ရမည်စိုး၍ လည်စည်းပုဝါကိုပင်ဆွဲမတင်ခဲ့ပေ။ ပိုင်ယန်၏ကျောတစ်လျှောက်မှာမူတောင့်တင်းလို့နေသေးသည်။

စာစောင်ဝေနေတုန်း သူ့နာမည်ကိုတစ်ယောက်ယောက်ခေါ်နေသလိုလိုကြားမိ၍ လှည့်ကြည့်မိသည်။ တစ်ဖက်လူမှာ ကုဝေဟောက်ဖြစ်နေ၏။

ကုဝေဟောက်က အတော်လေးတက်ကြွနေကာသူ့ဆီလျှောက်လာပြီးပုခုံးလေးကိုပုတ်လာ၏။
"ယိုး ရှောင်ပိုင်ယန် မင်းဝိတ်တွေကျသွားလိုက်တာ''

Affection[Complete]Where stories live. Discover now